မူလစာမျက်နှာ
မြန်မာသတင်း

ကမ္ဘာသတင်း

ဆောင်းပါး

အတွေး ကဏ္ဍ

စွဲမှတ်ဖွယ်ရာ
ပဲ့တင်သံ
တမျက်နှာဝတ္ထုတို
ပေးစာပြန်စာ
ကဗျာ
ရွှင်ပြုံးဖွယ်
ဗေဒင်နှင့်ကံကြမ္မာ
ကာတွန်း

ဖျော်ဖြေရေး

ရွှေ စာမျက်နှာများ

ရွှေ ဘလော့ဂ်များ

 
 

 

 

 
 

ဆက်သွယ်ရန်

lin.yaungchi@yahoo.com

 
 
 
 

                                               မိုးကောင်းတုံးရွာကြအုံးပေါ့                    (ဒုတိယပိုင်း)

                                                                        ဦးဖိုးသာအောင်

                      မြန်မာ့အလင်းသတင်းစာမှာ လှိုင်အောင်ရေးပြီး ဗိုလ်သန်းရွှေရဲ့  အာဘော်ဆောင်းပါးမှာ ပြည်တွင်းမှ ကျပ်ငွေသန်း ၇၃၀၀ ကျော်နဲ့  ပြည်ပမှ ပစ္စည်းတန်ချိန် ၂၉၀၀ ကို စစ်အစိုးရမှ လက်ခံရရှိပြီးပြီလို့  ဆိုပါတယ်။ အရေးပေါ် အကူအညီပါ၊ ကဲ ယခုအထိ ဒုက္ခသည်တွေ လက်ထဲဘယ်၍ ဘယ်မျှရောက်နေကြပြီလဲ။ “ အရေးပေါ် ” ဆို တဲ့စကားကို ဗိုလ်သန်းရွှေနားမလည်ပါ။ အာဏာနဲ့  အတ္တကို အဓိကထားသူတိုင်း “ အရေးပေါ် ” ဆိုတဲ့စကားကို နားမလည်နိုင်ပါ။ အရေးပေါ် ကိစ္စဆိုတာ နှလုံးသားရှိလူသားတို့ ရဲ့ အလုပ်ပဲဖြစ်ပါတယ်။ အကူအညီတွေ ပစ္စည်းတွေ ပေးဖို့ မဆိုထား ပါနှင့် အဲဒီကျေးလက်ဒေသတွေကိုတောင် ဗိုလ်သန်းရွှေတို့  လူသိုက်ရောက်အောင်သွားနှိုင်ကြလို့ လား။ စနစ်တကျ ကယ်ဆယ်ရေးနဲ့  ပြည်လည် ထူထောင်ရေး လုပ်ငန်းတွေကို ထားပါအုံး အသေအပျောက် အပျက်အစီးစာရင်းကိုတောင် မှန်ကန်အောင်ကောက်ကူနိုင်ကြလို့ လား။ ဗိုလ်သန်းရွှေတို့  ကိုယ့်အရည်အချင်းကိုယ်သိဖို့ ကောင်းပါတယ်။ ကမ္ဘာကတော့ ခင်ဗျားတို့  အရည်အချင်းကိုရော၊ စိတ်နေသဘောထားကိုပါ သိနေပါတယ်။ ဒါကြောင့် ဗိုလ်သန်းရွှေတို့ ကြေငြာထားတဲ့ လိုအပ်ချက် ၁၁ ဘီလီယံ ဒေါ်လာကို နိုင်ငံတကာက ရော့အင့်ဆိုပြီး ဘယ်ပေးမလဲ။ ပေးလိုက်လို့ ရှိရင်လည်း အလီဘာဘာနဲ့  ငတက်ပြားကို ပေးတာထက်အကြောင်းဆိုးတော့မှာပေါ့။ ဒါကို ဗိုလ်သန်းရွှေတို့ က ကျေနပ်မှု့ မရှိလို့  ဆောင်းပါးထဲမှာ လူယဉ်ကျေး တွေကို ပြစ်တင်စော်ကားထားတာ မဟုတ်လား။

                        ဆောင်းပါးထဲမှာ ဒုက္ခသည်များအတွက် လိုအပ်တာက ဒေါ်လာ ၁၁ ဘီလီယံ။ နိုင်ငံတကာက ပေးမယ်လို့  ကတိပေးတာက ဒေါ်လာသန်း ၁၅၀ ဆိုတော့ ဘန်ကီမွန်းပြောတဲ့ ၃ လစာ ကုန်ကျစရိတ်ဒေါ်လာသန်း ၂၀၀ ကိုတောင်မပြည့်မှီဘူးဆိုပြီး ဗိုလ်သန်းရွှေတို့  ကျွဲမြီးတိုပုံ ပေါ်ပါတယ်။ နိုင်ငံတကာက လှူမယ်၊ ပေးမယ်၊ လှူပါရစေ၊ ကူညီပါရစေဆိုပြီး လေပြစ်နေတာပဲရှိတယ် တကယ်တန်းကျတော့ ဘာမှထိထိ ရောက် ရောက် မပေးပါဘူးလို့  ဆိုလိုက်တာပါပဲ။ မြန်မာနိုင်ငံနဲ့ ပါတ်သက်ပြီး ခံရပေါင်းများပြီဖြစ်တဲ့ နိုင်ငံကြီးတွေက သိတာပေါ့။ ဘယ်လိုနည်းနဲ့ ကူညီမှ ပြည်သူတွေရဲ့ လက်ထဲကိုရောက်မယ်ဆိုတာ နားလည်နေကြပါပြီ။ ရှေးယခင်က ဖြစ်ခဲ့ဘူးတဲ့

    ရေဘေး၊ လေဘေး၊ ငလျှင်ဘေး ကိစ္စတွေမှာလည်း နိုင်ငံတကာက အထိုက်အလျှောက်ကူညီခဲ့ကြတာပါ။ ဒါပေမယ့် ဘယ်တုံးကများ ပြည်သူ့ လက်ထဲကို တဝက်လောက်ရောက်ဘူးလို့ တုံး၊ စတိလောက်လေးပေးပြီး ဖော်ရှိုးလုပ်၊ ကျန်တာတွေကို ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးတွေကသာ ဝေခြမ်း ယူခဲ့ကြတာပဲ မဟုတ်လား။ ဘယ်တုန်းက ဘယ်ဗိုလ်ချုပ်တွေက ဘယ်လောက်ခိုးခဲ့သလဲဆိုတာ အတိအကျ မပြောနိုင်ပေမယ့် ပြည်သူတွေရဲ့ လက်ထဲ ကို မရောက်တာတော့ အတိအကျ ပြောနိုင်ပါတယ်။ ခိုးကျင့်၊ ခိုးကြံစွဲနေတဲ့ စစ်ဗျူရိုကရက်ယန္တရားကို ဘယ်သူမှ မယုံကြတာလည်း မဆန်းပါဘူး။ ဒါကြောင့် နိုင်ငံတကာက အလှူရှင်နိုင်ငံကြီးတွေက သူတို့  အလုံးအရင်းနဲ့  ကူညီမယ် ဒါပေမယ့် သူတို့ ကိုယ်တိုင် ဆုံးရှုံးမှု့ အတိုင်းအတာ ကို ကြည့်မယ်၊ တွက်ချက်မယ်၊ စစ်တမ်းယူမယ် ပြီးရင် စနစ်ကျတဲ့ ဝေခြမ်းရေးကူညီရေးတွေကို သူတို့ ပါကြီးကြပ်ပါဝင်မယ်လို့  တောင်းဆိုတာပေါ့။ ဒါ သဘာဝကျတဲ့ ကိစ္စပဲ။ ကျွမ်းကျင်သူတွေ အတွေ့ အကြုံ ရှိသူတွေ လုပ်မယ့်ကိစ္စဖြစ်လို့  အချိန်မှီနိုင်တယ်၊ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်တယ်။

                              ဒီလို ထိထိရောက်ရောက် တိတိကျကျ ကူညီမယ်ဆိုတော့ ဗိုလ်သန်းရွှေတို့  သဘောမကျတော့ဘူး။ နိုင်ငံကြီးတွေက free access တောင်းတာကို ဗိုလ်သန်းရွှေတို့ လူသိုက်နဲ့  သူ့ ဆရာအာဏာရှင်ကြီးများအုပ်စုက လန့် သွားတယ်။ ဒါကြောင့် free access ကို နိုင်ငံရေး အမြတ်ထုတ်မှု့ ကြီးလုပ်ပြီလို့  ယူဆကြတယ်။ free access ဆိုတာက လွတ်လပ်ပြီး မှန်ကန်စွာ ဝင်ရောက်ခွင့်၊ ဆက်သွယ်ခွင့်၊ အသုံးပြုခွင့်၊ ပြောဆိုခွင့်ပါပဲ။ လွတ်လပ်မှုကို အသုံးချပြီးမမှန်မကန်ပြုလုပ်ပါကလည်း စောင့်ကြည့်ခွင့်အရေးယူ ဆောင်ရွက်ခွင့်ဆိုတာတွေလည်း ရှိပါသေးတယ်။ ဘာပဲဖြစ်ဖြစ် သူ့ အပြစ်နဲ့ သူ ဂျီအီးဂျီလန့် (ချေအီးချေလန့် ) ဖြစ်နေတဲ့ ဗိုလ်သန်းရွှေတို့  လူသိုက်အဖို့ တော့ နိုင်ငံကြီးသားတွေကို free access မပေးရဲတော့ပါဘူး။ ဒုက္ခသည်တွေရော မြန်မာပြည်သူပြည်သားအားလုံး ဘယ်လိုပဲဖြစ်ဖြစ် သူတို့ ခွင့်မပြုရဲ့တော့ပါဘူး။ အဲဒီလို ယုတ်မာစုတ်ပဲ့တဲ့ ကြောက်စိတ်တွေကို ဖုံးကွယ်တဲ့ အနေနဲ့  နိုင်ငံကြီးတွေက လွတ်လပ်စွာ စီမံဆောင်ရွက်ခွင့်ကို ရိုးရိုးသားသား တောင်းတဲ့အပေါ် ပြည်သူတွေ ထင်ရောင်ထင်မှားဖြစ်အောင် ဆောင်ပါးမှာ ဝေ့လည်ကြောင်ပတ်ရေးထားတာတွေ့ ရပါတယ်။ free access မရရင်လည်း နိုင်ငံကြီးတွေက ဘယ်ကူ ညီနိုင်မလဲ။ ဗိုလ်သန်းရွှေတို့  လက်ထဲထည့်လိုက်ရင် “ ပလုံ ” သွားမှာပဲဆိုတာ သိနေကြတယ်လေ။

                              ဒါကိုကြိတ်မနိုင်ခဲမရဖြစ်ပြီး ဒုက္ခရောက်နေချိန်မှာ အမေရိကန်က စီးပွားရေးတနှစ်ထပ်ပြီး ပိတ်ဆို့ လိုက်တာကောင်းသလားလို့ ပြောလို့ ပြော။ သူတို့ ကျတော့ မိုးထဲလေထဲ ဒုက္ခထဲမှာ ဥပဒေအတည်ပြုဖို့  ရွေးကောက်ပွဲလုပ်လားလုပ်ရဲ့.. ဒေါ်စုကိုလည်း ဥပဒေနဲ့  အညီပြန်မလွှတ်ပဲ တနှစ်ထပ်ပြီး ချုပ်လားချုပ်ရဲ့၊ မိုက်တွင်းနက်သထက်နက်နေကြတာပါပဲ။ နောက်ဆုံးတော့ ကြံရာမရဖြစ်ပြီး ဗလချီးနမ်းတွေလျှောက်ပြောရတဲ့အဖြစ်မျိုး ကို ရောက်နေပါပြီ။ ကြည့်ကြပါအုံးဗျာ။ ဗိုလ်သန်းရွှေရဲ့ ဆောင်းပါးထဲမှာ ဘယ်သူတွေကပဲ ပိတ်ဆို့ ကြပါစေ မြန်မာပြည်မှာ မိုင်ချီတဲ့တံတားတွေ၊ ဥမင်တွေဆောက်နိုင်တယ်။ ရေအားလျှပ်စစ်စက်ရုံတွေ ဆောက်နိုင်တယ်တဲ့။ ကြည့်လဲလုပ်ကြပါအုံး။ ဒါကြွားစရာမဟုတ်ပါဘူး။ အစိုးရတရပ်ရဲ့ အသေးအဖွဲ လုပ်ရိုးလုပ်စဉ်ကိစ္စလေးပါ။ မြန်မာနိုင်ငံသားတယောက်ရဲ့ ပျမ်းမျှတဦးချင်းဝင်ငွေကို ကြည့်ရင်ဗမာပြည်ဘယ်လောက်တိုးတက်ချမ်းသာ နေတယ်ဆိုတာ ဗိုလ်သန်းရွှေသိနိုင်ပါတယ်။ ထိုင်းနိုင်ငံမှာ ထိုင်း ပြည့်တန်ဆာတွေ နေရာမှာ မြန်မာပြည့်တန်ဆာတွေချည်းဖြစ်နေပြီဆိုတာလည်း ဗိုလ်သန်းရွှေ ဝမ်းနည်းမှာ မဟုတ်လောက်ပါဘူး။

                            ဗိုလ်သန်းရွှေရဲ့ ဆောင်းပါးထဲမှာ ရှက်ရှက်နဲ့  ဘယ်သူမှ မကူညီချင်ရင်လည်းရတယ်ဆိုပြီး ရမ်းထားတဲ့ အချက်ကတော့ အဆိုးဆုံးပါပဲ။ နိုင်ငံခြားမှ ဘီစကစ်တွေ၊ ချောကလက်တွေ မရလဲဘာဖြစ်လဲ ချောင်းကြားမြောင်းကြားမှ ပရိုတိန်းအပြည့်ပါတဲ့ ငါးတွေကို ရှာစားလို့ ရတယ်။ မိုနတို၊ ထိကရုံး၊ ကန်စွန်းရွက်တွေလည်း ပေါပါဘိ၊ စားဖားဆူဆူကြီးများပင် ဖမ်းပြီးစားနိုင်သေးတယ်တဲ့။ ဖြစ်မှ ဖြစ်ရလေ ဗိုလ်သန်းရွှေရယ် ခင်ဗျားကိုယ်တိုင်လာပြီး ငါး၊ ဖား ရှာကြည့်ပါအုံး။ ဗမာပြည်က ထွက်သမျှ ငါးတင်မက ဖား၊ ခရုနဲ့ လိပ်၊ မြွှေ၊ ကြွက်၊ ပလီမ ဆိုတဲ့  လူစားရတဲ့ အကောင်တွေ တရုတ်ပြည်က အတင်းဘဲ မှောင်ခိုဝယ်နေလို့  ကျုပ်တို့ ဗမာတွေမှာ ဘာများစားစရာ ကျန်တော့လို့ တုန်း။ ပြီးတော့ ပြောလိုက် သေးတယ်…. အခုလောက်ရှားပါးတာ၊ မုန်တိုင်းကြောင့် ခဏလောက်အစာရေစာပြတ်လတ်တာ ဗမာတွေမှာမှုစရာမဟုတ်ဘူးတဲ့၊ ဂျပန်ခေတ်ကတောင် မြန်မာပြည်မှာ ငတ်လို့ သေတဲ့ မသာမရှိဘူးတဲ့။ ဗိုလ်သန်းရွှေရေ.. လှိုင်အောင်က ဂျပန်ခေတ်ကို မမီလို့  မသိလို့  ရေးတယ်ဆိုရင်ထားပါအုံး။ ဗိုလ်သန်းရွှေက ဂျပန်ခေတ်လက်ကျန် ကြီးပါ။ ကောင်းကောင်းသိပါတယ်။ ခင်ဗျားကို လျှော့မတွက်ပါဘူး။ ဂျပန်ခေတ်မှာ ရောဂါမျိုးစုံနဲ့  လူတွေဘယ်လောက်သေကြတယ်။ အာဟာရမပြည့်လို့ နောက်ဆုံးမှာ ဆားတောင် စားစရာမရှိလို့  ပုံစံအမျိုးမျိုးနဲ့  အသက်ဆုံးခဲ့ရတဲ့ပြည်သူတွေ ဘယ်လောက်များတယ်ဆိုတာ ဂျပန်ခေတ်ကို မှီခဲ့သူတိုင်း သိနေကြတယ်။ အခုလေဘေးကိစ္စက အရေးပေါ်ကိစ္စကြီးလေ၊ ရေတောင်သောက်စရာမရှိတဲ့ ဘဝတွေပါလား။ ဖြစ်ချင်တာဖြစ်စေတော့ ရေပုတ်ရေသိုးတွေကို ကြိတ်မှိတ်သောက်နေကြ ရတာပါလား။

                                နောက်ဆုံးတော့ ဗိုလ်သန်းရွှေတို့  လူသိုက်က အမေရိကန်ကို ကြောက်ပြီး အမြီးအမောက်မတည့်တဲ့ ဝါဒဖြန့် ဆောင်းပါးတွေ ရေးတာလည်း ပြည်သူက သိနေပါတယ်။ စစ်အာဏာတည်မြဲရေးအတွက် သတင်းမှောင်ချဖို့  ကိစ္စသည်သာ စစ်အာဏာရှင်တွေအတွက် အဓိက အရေးကြီးဆုံး မဟုတ်လား။ လူတွေဘယ်လောက် ထပ်ပြီးသေပါစေ။ အမေရိကန်နဲ့ အနောက်အုပ်စု မသိဖို့ က အရေးကြီးတယ် မဟုတ်လား။ ဒီတော့ နှစ်ဦးမှာ ပုရစ်ဖုးတွေ မဝေနိုင်ဘဲ ခွေယိုင်လဲဖို့ ပဲ ရှိတော့တယ် ဗိုလ်သန်းရွှေရေ။ မိုးကောင်းတုန်း ရွာထားအုံးပေါ့။ နာဂစ်ရဲ့ ဝိညာဉ်တွေ ကမ္ဘာ့ပြည်သူ တွေက မင်းတို့ ကို မကြာခင် ဒဏ်ခတ်တော့ဆိုတာ မုချမလွဲပါပဲ။   ။

 

....................................................................................

                                   

 

 

 မိုးကောင်းတုံးရွာကြအုံးပေါ့                                 (ပထမပိုင်း)

                                                                                                                                      ဦးဖိုးသာအောင်  

       ၂၉.၅.၀၈ နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ  လှိုင်အောင် ရဲ့ နှစ်အကူးမှာတော့ “ ပုရစ်ဖူးတို့ ဝေကြပေလိမ့်မည် ” ဆောင်ပါးကို ဖတ်ရပါတယ်။  စစ်ခေါင်းဆောင် သန်းရွှေပိုင် သတင်းစာမှို့  သန်းရွှေရဲ့ အာဘော်ပဲဖြစ်တယ်လို့ ဦးဖိုးသာအောင်က ခပ်ရှင်းရှင်းပဲမြင်ပါတယ်။ အောက်တန်းကျလွန်း သူတွေရဲ့ အာဘော်တွေ အယူအဆတွေကို ချေပဆောင်းပါးပြန်ရေးနေရတာလည်း လက်သနလွန်းလို့ မရေးချင်ပါဘူး၊ ဒါပေမယ့် လူထုအတွက် အကျိုးရှိမယ့်ကိစ္စဆိုရင် ဘာမဆိုလုပ်ကြရပါလိမ့်မယ်။

            သန်းရွှေတို့စစ်အုပ်စုဟာ ငတေ တို့ အုပ်စုပါ၊ ဘယ်သူဘဲသေသေ သူတို့ကောင်း စားရေးကိုပဲ လုပ်ပါတယ်၊ ဒါလည်း မဆန်းပါဘူး နဂိုထဲက သိပြီးသားပါ။ သို့သော် လူပေါင်း သိန်းချီပြီးသေတယ်၊ သန်းချီပြီး ဒုက္ခရောက်နေကြရတဲ့ နာဂစ်မုန်တိုင်းကဒ်ဆိုးရဲ့ဒဏ်ကို လေပြည်လေညင်းက ပန်းလေးနဲ့ပေါက်လိုက်တဲ့ အဖြစ်မျိုးလောက် ၀ါဒဖြန့်ချက် ကောင်းလွန်းလို့ ပြန်လည်ရေးလိုက်ပါတယ် ဗိုလ်သန်းရွှေ။

                နှစ်ပေါင်းငါးရာအတွင်း ဒါမှမဟုတ် ကျုပ်တို့ တသက်မှာ ခုတခါပဲတွေ့ရတဲ့ ကမ္ဘာမှာတောင် စံချိန်တင်လောက်တဲ့ အင်အားကြီးမားတဲ့ လေဘေးကြီးဆိုတာ ဗိုလ်သန်းရွှေ လက်ခံနိုင်ရဲ့လား၊ အသေအပျောက်နဲ့အဆုံးအရှုံး အဆမတန်ကြီးမားလှပါတယ်ဆိုတာကို ရော ဗိုလ်သန်းရွှေ လက်ခံပါရဲ့လား၊ အနာသိမှ ဆေးရှိဆိုသလို၊ ဒါကိုလက်ခံပါမှ ဘယ်လိုကူညီကယ်တင်ရမယ်ဆိုတာ သိမှာပါ။ အခု ဗိုလ်သန်းရွှေ လုပ်နေတဲ့ ကယ်တင် ရေးလုပ်ငန်းတွေကို ကြည့်ရင် ဗိုလ်သန်းရွှေရဲ့ နှလုံးသားနဲ့ ဦးနှောက်ကို သဘောပေါက်နိုင် ပါပြီ။

            အာဏာတည်မြဲရေးအဓိက လုပ်နေတဲ့ ဗိုလ်သန်းရွှေတို့ လူသိုက်ကို နိုင်ငံရေးအရ ကြည့်ရင် ကြည့်လို့ရပါသေးတယ်။ အခုဟာက လူသားချင်း ထောက်ထားရတော့မယ့် လူ့အမြင်နဲ့ ကြည့်ရမယ့်ကိစ္စမှာတော့ ဗိုလ်သန်းရွှေတို့ လူသိုက်ကို လူတွေအနေနဲ့ မြင်လို့မရတော့ပါဘူး။ ၂၀၀၄ ဆူနာမီ ရေးဘေးမှာ အင်ဒိုနီးရှားအစိုးရနဲ့ အာချေးသူပုန်တွေလက် နတ်ကိုင်တိုက်ပွဲ ဆင်နွှဲနေရာက သဘောတူရပ်စဲလိုက်ကြတယ် ပြီးတော့ အရေးကြီးတဲ့ လူမှု့ ကယ်ဆယ်ရေးတွေကို ဦးစားပေးဆာင်ရွက်လိုက်တာကို ကြည့်ရင် အင်ဒိုနီးရှားအစိုးရသည် လူသားဆန်သောအစိုးရဆိုတာ ပေါ်လွင်ပါတယ်၊ ဗိုလ်သန်းရွှေတို့ကတော့ ဒီလို မဟုတ်ပါ။

            နာဂစ် ဆိုင်ကလုန်းအရှိန်ပြင်းစွာ တိုက်လိမ့်မယ်ဆိုတာ ဗိုလ်သန်းရွှေတို့ အချိန်မှီ ကြိုပြီးသိကြပါတယ်၊ သိလို့လည်း ဟိုင်းကြီးကျွန်းရေတပ်က အစ ရေတပ်၊လေတပ်အားလုံး ကို ကြိုတင်သတိပေး ညွှန်ကြားချက်တွေ ထုတ်ထားပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာ စစ်တပ် သက်သက်လောက်ပဲ ကြိတ်ပြီး ညွှန်ကြားတာပါ၊ လူထုကိုတော့ လုံးဝအသိမပေးပါဘူး၊ တနာရီမိုင်လေးဆယ်နှုံးနဲ့ လေပြင်းများတိုက်မည်ဆိုရုံလောက်ပဲ ကြေငြာခဲ့ပါတယ်၊ ဒီကိစ္စကို ပြီးပြီးရောဆိုပြီး မေ့မေ့ပျောက်ပျောက်ဖြစ်သွားမယ့် ခတ်ပေါ့ပေါ့ကိစ္စလို့ ဦးဖိုးသာအောင်က မမြင်ပါဘူး၊ လူပေါင်းသိန်းနဲ့ချီပြီးသတ်ဖြတ်လိုက် တဲ့ သတင်းထိန်ချန်မှုကြီးအဖြစ် မြင်ပါတယ်၊ ဘာကြောင့်လဲဆိုရင် မုန်တိုင်းအား ပြင်းထန်မယ်ဆိုတာကို  ဟိုင်းကြီး ကျွန်းက အမှတ် (၂၃) ရေတပ်၊ အုပ်ချုပ်ရေးတပ်၊ အမှတ် (၂၅) ရေတပ်၊ စက်မှုလက်မှုတပ်၊ အမှတ်(၂၂) ရေတပ်၊ ပစ္စည်းထိန်းသိမ်းရေးတပ်၊ အမှတ်(၂၁) ရေတပ်ဆက်သွယ်ရေးတပ်၊ အမှတ်(၂၇)ရေတပ်လေ့ကျင့်ရေးတပ်၊ အမှတ်(၂၄)ရေတပ် လက်နတ်ခဲယမ်းတပ်နဲ့ ပမ္မ၀တီရေတပ်စခန်းဌာနချုပ်ရှုံးတို့ကို ကြိုတင်သတင်းပေးပို့ခဲ့တယ်၊ လုံခြုံမှု့ရှိအောင်ကြို တင်ပြင်ဆင်ထားရမယ်၊ သင်္ဘောတွေကို ရွှေ့ ထားရမယ်၊ ဒါတွေပါဝင်ခဲ့တယ်။ ဒါပေမယ့် ဟိုင်းကြီးကျွန်းပေါ်မှာနေကြတဲ့ စံပြရွာ၊ ဇီးဖြူချောင်း၊ ဟိုင်းကြီးရွာသစ်၊ စံထူးရွာ၊ အဏ္ဏ၀ါရွာ၊ ကပ္ပလီရွာ စတဲ့ရွာသားတွေ ပြည်သူတွေလုံးဝမသိခဲ့ကြပါဘူး။ လေပြင်းတိုက်မယ်လောက် ပဲသိကြတာပါ။ ဧရာဝတီတိုင်းနဲ့  တနိုင်ငံလုံးလဲမသိခဲ့ကြပါဘူး။ ဒါကိုကြည့်ရင် တိုင်းပြည်ရဲ့ အာဏာကိုလည်းမတရားလုထားသေးတယ် လူထုကိုလည်း အစုလိုက်အပြုံလိုက်မျိုးတုန်း သတ်ဖြတ်မှုလုပ်လိုက်တယ်ဆိုတာ ထင်ရှားနေပါပြီ။ ဒီကိစ္စကိုဘယ်လိုဆက်ပြီးအရေးယူ ဆောင်ရွက်ကြမလဲဆိုတာ နိုင်ငံတကာနဲ့ ပညာရှင်တွေ၊  ပြည်သူ့ ဘက်ကရပ်တည်တဲ့ နိုင်ငံ ရေးအင်အားစုတွေက လုပ်ငန်းစဉ်တစ်ခုချမှတ်ဆောင်ရွက်ဖို့  အထူးလိုအပ်နေပါပြီ။

            မေလ ၂ ရက်နေ့ ည (၁၀)နာရီလောက်ကစပြီး မေလ  ၃ရက် နေ့  နံနက် (၄)နာရီ လောက်ထိတိုက်ခတ်လိုက်တဲ့ နာဂစ်မုန်တိုင်းဆိုးကြီးဟာ မြန်မာပြည်သားတစ်သိန်းကျော် လောက်ကိုသတ်ဖြတ်လိုက်ပါတယ်။ လူ ၂ သန်းခွဲလောက်ဟာလည်း လေဘေးဒုက္ခသည်တွေ ဖြစ်ခဲ့ကြရပြီ။   ဒီ ကိန်းဂဏာန်းဟာ အတိအကျမဟုတ်ပါဘူး။ မြန်မာပြည်မှာ ဘယ်အရာမှ ကိန်းဂဏန်းအရေအတွက် အတိအကျမရှိနိုင်ပါဘူး။ အုပ်ချုပ်တဲ့အစိုးရရဲ့ အလိုကိုပဲ ကိန်းဂ ဏန်းများထုတ်ပြန်လေ့ရှိတာ လူတိုင်းအသိပါ။ ယနေ့ မြန်မာလူဦးရေဟာလည်း မတိကျပါ ဘူး။ ဘာကြောင့်ပြောနိုင်သလဲဆိုရင် ယခုကျွန်တော်တို့ ရွာမှာ အိမ်ခြေတစ်ရာ့နှစ်ဆယ်ရှိ တယ်၊ လူဦးရေလေးရာသုံးဆယ်လောက်ရှိတယ်၊ ဒါပေမယ့် မှတ်ပုံတင်နဲ့  သန်ခေါင်စားရင်းမရှိသူ က တစ်ဝက်ကျော်ရှိပါတယ်။ မှတ်ပုံတင်နဲ့  သန်ခေါင်စာရင်း လုပ်ရတာငွေကုန်ကြေးကျ များလွန်းလို့ အများစုက မလုပ်ကြပါဘူး။ ကိုယ့်ရွာမှာပဲကိုယ် နေသာသ လိုနေကြပါတယ်။ မြန်မာပြည်မှာ ကျွန်တော်တို့ လို ကျေးရွာတွေက အများစုပါ၊ ဒါကြောင့် လူဦးရေအ တိအကျ မသိရတဲ့ မြန်မာပြည်လို နိုင်ငံမျိုးမှာ ခုလို မုန်တိုင်းဘေးဆိုးကြောင့် လူတွေသေကြေခဲ့ရတဲ့ စာရင်းဇယားကိုဘယ်သူကအတိအကျ သိနိုင်ကြမှာလဲ။ ခန့် မှန်းနဲ့ ပြီး နေကြတာပါ။ “နာဂစ်“ ကိစ္စမှာ စစ်အစိုးရရဲ့ ထုန်ပြန်ချက်သည် သေကြေပျောက်ဆုံးသူနဲ့ ဒုက္ခသည် အရေအတွက်ဆိုတာ အလွန်တရာလျှော့ပေါ့ခန့် မှန်းချက် ဆိုတာ သေချာပါတယ်။ စစ်အစိုးရဟာ သူ့ နိုင်ငံရေးအကျိုးအမြတ်ပေါ်ကြည့်ပြီး သေဆုံးပျောက်ပျက်ကိန်းဂဏန်းတွေကို အများကြီးလျှော့ပြီး ကြေငြာလိုက် တာပါ။ ကြက်ဘယ်နှစ်ကောင်၊ ဘဲဘယ် နှစ်ကောင် စသည်ဖြင့်ထုတ်ပြန်တဲ့ကိန်းဂဏန်းကိုကြားရတော့ ဦးဖိုးသာအောင်မှာ ရယ် ဘဲရယ်ရသေးတော့၏။ ဗိုလ်သန်းရွှေကိုယ်တိုင်လိုက်ပြီး ရေတွက်ထားတာထင်တယ်။ တိရိစ္ဆာန် တွေ လူတွေကိုမဆိုထားနဲ့ ကျေးရွာပေါင်းဘယ်နှစ်ရွာ ပျောက်သွားတယ်ဆိုတာ တောင် ဗိုလ်သန်းရွှေကြေငြာရဲလို့ လား။

 

 

................................................................................................................

 

 

 

Home |  Current News Letter |  Humour |  Poem  |  Onepage novel |  Thought  |  Impression  | Contact Us |   Top

Suggestions & Comments: linyaungchi