![]() |
||||||||||||||||||||||||||||||||||
|
မုန်တိုင်းနဲ့ သမိုင်းပေးတာဝန် ( ရဲမြင့်အောင် ) မြန်မာနိုင်ငံနာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ အခြေခံအဆောက်အဦများနှင့် မုန်တိုင်းဒဏ်သင့် ပြည်သူလူထုတွေ အတွက် လတ်တလောကယ်ဆယ်ရေး ရေရှည်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ပြည်တွင်းက စေတနာရှင်များရဲ့ ကူညီပံ့ပိုးမှု သာမက နိုင်ငံတကာရဲ့ ထိရောက်တဲ့ အကူအညီတွေ ရရှိဖို့  အရေးတကြီး လိုအပ်နေပါတယ်။ ယခုအခါ ပြည်တွင်းရှိအလွှာအသီးသီး ပြည်သူများက လူမှုကယ်ဆယ်ရေးအဖွဲ့ များ ဖွဲ့ ၍လည်းကောင်း၊ တဦးချင်းအနေဖြင့်လည်းကောင်း စေတနာ သဒ္ဒါတရားအပြည့်နဲ့  ကူညီနေပေးမယ့် လိုအပ်ချက်ထုထည် ကြီးမားနေခြင်း များစွာသော အကန့် အသတ်များ အထူးသဖြင့် (ငွေရေးကြေးရေး) ကြောင့် ကူညီနိုင်မှူအတိုင်းအတာ တဖြည်းဖြည်းလျော့ပါးလာပြီး အကြာမီကာလအတွင်းမှာ လုံးဝရပ်ဆိုင်းသွားမှာကို စိုးရိမ်မိပါတယ်၊ နိုင်ငံတကာ အကူအညီမှာလည်း ရံပုံငွေအခက်အခဲကြောင့် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန် အခက်အခဲရှိနေကြောင်း ကုလသမဂ္ဂ အကြီးအကဲက လူသိရှင်ကြားထုတ်ပြန်ကြေငြာ၍ အကူအညီတောင်းခံနေပါသည်။ မုန်တိုင်းအပျက်အစီး ပမာဏကို ကွင်းဆင်းလေ့လာ စာရင်းပြုစု ခဲ့သော သုံးပွင့်ဆိုင်လေ့လာရေးအဖွဲ့  (ကုလသမဂ္ဂ၊ အာဆီယံ၊ န.အ.ဖ) က စစ်ဆေးတွေ့ ရှိချက် အကြမ်းမျဉ်းကို ပြောကြားရာမှာ ယခင် န.အ.ဖ ထုတ်ပြန်ကြေငြာခဲ့သော ပျက်စီးမှု ပမာဏ ( ဒေါ်လာ ၁၁ ဘီလီယံ) နဲ့ သိပ်မကွာဘူးလို့ ဆိုပါတယ်။ ဒါဆိုရင်ရှေ့ ကို ဘယ်လို ခရီးဆက်ကြမှာလဲ။ မုန်တိုင်းကတော့ လူကောင်း၊ လူဆိုးမရွေး အဖိနှိပ်ခံ ဖိနှိပ်သူမရွေး အဂတိတရားကင်းစွာ မွှေနှောက်ဒုက္ခပေးခဲ့ပါပြီ။ ဖြစ်သမျှကို အကာအကွယ်မဲ့စွာ ခါးဆီးခံရတာကတော့ ပြည်သူလူထူသာဖြစ်ပါတယ်။ ပိုင်ဆိုင်မှု မှန်သမျှ ဆုံးရှုံးသွားရတဲ့ အပြင် အဆိုးဆုံးကတော့ အစားထိုးမရတဲ့ မိသားစုဘ၀တွေ ပျောက်ဆုံးသွားရတာပါပဲ။ ဒီကနေ့ ဆောင်ရွက်နေတဲ့ ကယ်ဆယ်ရေးနဲ့ ပြည်လည်ထူထောင်ရေးဆိုတာကလည်း အသက်မသေကျန်ရစ်သူတွေရဲ့ ဘ၀ နောင်ရေးသာဖြစ်ပါတယ်။ ဒီကိစ္စကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးခြင်းသာလျှင် မျက်မှောက်နိုင်ငံရေး ဖြစ်နေပါတယ်။ နိုင်ငံရေး လုပ်တယ် ဆိုတာ ပြည်သူလူထုရဲ့ ဘ၀လှုံခြုံမှုကို အကာအကွယ်ပေးနိုင်ရေးနဲ့  လူထုဘ၀ တိုးတက်မြှင့်မားအောင် ဆောင်ကျဉ်းပေးနိုင်ရေးပဲ မဟုတ်ပါလား။ န.အ.ဖ အုပ်စုက အစိုးရတရပ်ရဲ့ အနိမ့်ဆုံးတာဝန်ဖြစ်တဲ့ လူထုဘ၀လုံခြုံ မှုကို အကာအကွယ်ပေးဖို့ တောင် စိတ်ဝင်စားတာ မဟုတ်ပါဘူး။ အစိုးရ သက်တမ်းတလျှောက် ကြီးမားကျယ်ပြန့် တဲ့ လူထုကြီးက တနေ့ တခြား ဆင်းရဲ ကြပ်တည်းလာပြီး စစ်အုပ်စုရဲ့ မိသားစုများ စစ်အုပ်စုနဲ့ မကင်းရာ မကင်းကြောင်းများသာ ခေတ်ပျက်သူဌေးဖြစ်လာကြတာပါ။ န.အ.ဖ ရဲ့ ရပ်တည်ချက်က ရှင်းပါတယ်။ အမေရိကန်၊ ဗြိတိန်စတဲ့ နိုင်ငံကြီးတွေကို တံဆိပ်အမျိုးမျိုးတပ်ပြီး ဆန့် ကျင်ပြနေတာဟာ အကြောင်းမဲ့ မဟုတ်ပါဘူး။ အဲဒီနိုင်ငံကြီးတွေက နိုင်ငံသားတဦးချင်းရဲ့ လွတ်လပ်မှုနဲ့ အခွင့်အရေးကို တန်ဖိုးထားပါတယ်။ တဦးချင်းဖွံ့ ဖြိုးမှုကိုအားပေးပါတယ်။ တဦးချင်းတိုးတက်မှု ရှိမှ လူအဖွဲ့ အစည်းတခုလုံး ဖွံ့ ဖြိုးမယ်ဆိုတဲ့ အယူအဆကို လက်ကိုင်ထားပါတယ်။ ဒါကြောင့် အဲဒီနိုင်ငံသားတွေနဲ့  မြန်မာလူထု ထိတွေ့ ဆက်ဆံမှု ရှိလာရင် မြန်မာလူထု အသိအမြင်နိုးကြားလာမယ်။ အနည်းဆုံးကိုယ့်အခွင့် အရေးကို တောင်းဆိုတတ်လာမယ်။ စနစ်ကျတဲ့ လူမှု အဖွဲ့ အစည်းတွေ ထူထောင်တတ်လာမယ်။ ဒီလိုဖြစ်လာရင် စစ်အုပ်စုအတွက်နေရာ ကျဉ်းလာမယ်။ အာဏာရှင်နဲ့ ပြည်သူဆိုတာက အကျိုးစီးပွားခြင်း ပြောင်းပြန်ဖြစ်နေတော့ လူထုကို ဘယ်တော့မှ ထွက်ပေါက်မပေးတာ အာဏာရှင်ရဲ့ သဘာဝပါပဲ။ အခုအချိန်မှာ အမေရိကန်အစိုးရရဲ့ အဓိက ပစ်မှတ်က အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်ဝါဒရဲ့ ရေခံမြေခံဖြစ်တဲ့ ငါမင်း ငါချင်း အာဏာရှင် အစိုးရတွေ ဖြစ်တယ်ဆိုတာ န.အ.ဖ က မသိဘဲ နေပါ့မလား။ တကယ်လည်း ကမ္ဘာတ၀န်းက အာဏာရှင်စနစ် ဆန့် ကျင်ရေးလှုပ်ရှားမှုကို ထိထိရောက် ရောက်ကူညီဖို့  အမေရိကန်နိုင်ငံခြားရေး ပေါ်လစီမှာ ပြဌါန်းထားပါတယ်။ ဒီတော့ မုန်တိုင်းဒဏ်ကယ်ဆယ်ရေးနဲ့  ပြန်လည်ထူထောင်ရေးလုပ်ငန်းမှာ အင်တိုက်အားတိုက် ကူညီဖို့ ရောက်လာတဲ့ အမေရိကန်၊ ဗြိတိန်နဲ့  ပြင်သစ် စစ်သဘောင်္တွေ မြန်မာရေပိုင်နက်အတွင်း ၀င်ရောက်ဖို့ အပြင်းအထန်တောင်းဆိုခြင်းမရှိဘဲ အကယ်၍ ဒီလိုဝင်ရောက်လာခဲ့ရင် န.အ.ဖ နဲ့  သွေးချောင်းစီး တိုက်ပွဲတွေဖြစ်ပြီး မြန်မာလူထု ပိုဒုက္ခရောက်သွားမယ်လို့  ကြိုတင်နိမိတ်ပေးနေတာက န.အ.ဖ ရဲ့ အကျိုးစီးပွားကို ဖြည့်ဆည်းပေးရာ မရောက်ပေဘူးလား။ အမေရိကန်ဘက်က ရေတပ်အင်အားအလုံးအရင်းနဲ့ ဝင်တိုက်မယ်လို့  ကြေငြာခဲ့လို့ လား။ ဗမာစစ်တပ်က အရာရှိစစ်သည် အားလုံးကရော န.အ.ဖ စစ်အုပ်စုအတွက် အရိုးကြေကြေအရေခမ်းခမ်း ခုခံကာကွယ်လိမ့်မယ်လို့ ယုံကြည်နေလို့ လား။ ဒါမှမဟုတ် အငတ်ဘေး ဆိုက်နေတဲ့ ပြည်သူလူထုကြီးကို ကျွှဲအုပ်၊ နွားအုပ်လို့  ရှေ့ ကတင်မောင်းပြီး န.အ.ဖ နဲ့ ရင်ဆိုင်တိုက်ပွဲဝင်ဖို့ ရည်ရွယ်ထားလို့ လား။ မျက်မှောက်ကာလမှာ မိုက်မဲတဲ့ အာဏာရှင် တစုက လွှဲရင် နိုင်ငံအများစုဟာ အမျိုးသားအကျိုးစီးပွားကို ရှေ့ တန်းတင်ပြီး ကမ္ဘာ့ဖွံ့ ဖြိုးမှု လမ်းကြောင်းမှာ အဆင့်တနေရာရဖို့ ကြိုးစားနေ ကြတာပါ။ ဒီနေရာမှာ အားနည်းတဲ့ နိုင်ငံများဟာ အင်အားကြီးနိုင်ငံများရဲ့ ပူးပေါင်းကူညီမှုများကို ရယူ ဆောင်ရွက်ကြပါတယ်။ ရန်သူဟောင်း အမေရိကန်ကို မိတ်ဆွေဖွဲ့ နိုင်ခဲ့တဲ့ ဗီယက်နမ်ရဲ့ ဖွံ့ ဖြိုးမှုကို ကြည့်ရင်သိနိုင်ပါတယ်။ န.အ.ဖ ခေါင်းဆောင်တွေကို လည်း တိုင်းပြည်စီးပွားရေး တိုးတက်စေချင်ရင် အမေရိကန်နဲ့  ပေါင်းလုပ်ဖို့ အကြံပေးခဲ့ပါတယ်။ ဒါကြောင့် န.အ.ဖ စစ်အာဏာရှင်ထက် အမေရိကန် အန္တရယ်ကို ပိုပြီးစိုးရိမ်နေတဲ့ အတွေး အခေါ်ကို ပြန်စမ်းစစ်လေ့လာသင့်ပါတယ်။ ခုလို ကပ်ဘေးကြီးဆိုက်လို့ မြန်မာပြည်သူတွေရဲ့ ဒုက္ခကို ကမ္ဘာကအာရုံစိုက်နေတဲ့ အချိန်မျိုးမှာ ဖြစ်ပေါ်လာတဲ့ အခွင့်အရေးကို မိမိရရဆုပ်ကိုင် အသုံးချသင့်တယ်။ အခွင့်အရေးဆိုရာမှာလည်း နောင်ကြိုးမဲ့ အကူအညီကို မျှော်လင့်နေလို့ တော့ မဖြစ်နိုင်ပါဘူး။ သူ့ ဘက်ကိုယ့်ဘက် အပေးအယူ သဘောနဲ့  ညှိနှိုင်းဆောင်ရွက်ရမှာပါ။ ၂၁ ရာစု သမိုင်းမှာ နယ်ချဲ့ ဆန့်ကျင်ရေးဆိုတာ ပြည်သူ့ ကြွေးကြော်သံ မဟုတ်ဘဲ အာဏာရှင်စနစ် တည်မြဲရေး ဆောင်ပုဒ်ပါ။ ပြည်တွင်းရေးကို ပြည်တွင်းမှာ အဖြေရှာရအောင်ကလည်း မြန်မာအရေးက ပြည်တွင်းရေးသက်သက်မှ မဟုတ်တာ မြန်မာ့ဒီမိုကရေစီရေး က ပြည်တွင်းပြည်ပ ဟန်ချက်ညီအောင် ဆောင်ရွက်ရမယ့် ကိစ္စပါ။ စစ်အုပ်စုက အထင်ကြီးလေးစားလောက်တဲ့ အင်အားစုတရပ် ဖွဲ့ စည်းထူထောင် ရပါမယ်။ ဒီ အတွက်ထိထိရောက်ရောက် ကူညီပံ့ပိုးပေးမယ့် နိုင်ငံခြားအကူအညီရအောင် ကြိုးစားရပါမယ်။ အတွေးအခေါ်နဲ့ ရပ်တည်ချက် ပြတ်သားဖို့ အရေးကြီးပါတယ်။
|
|||||||||||||||||||||||||||||||||
|
Home | Current News | Letter | Humour | Poem | Onepage novel | Thought | Impression | Contact Us | Top |
||||||||||||||||||||||||||||||||||
|
Suggestions & Comments: linyaungchi |
||||||||||||||||||||||||||||||||||