![]() |
||||||||||||||||||||||||||||||||||
|
“ ယထာဘူတ အမြင် နှင့် နမ်ချွမ်စကီး ” ဦးဖိုးသာအောင် ပထမပိုင်း ပုထုဇဉ်တို့ ရဲ့ ယထာဘူတအမြင်ကိုသာတင်ပြလိုပါတယ်။ အဖြစ်အပျက်တွေကို အရှိအတိုင်းမြင်အောင်ကြည့်နိုင်တဲ့ အမြင်ကို ယထာဘူတအမြင် ပါပဲလို့ ယူဆပါတယ်။ ဒါကြောင့် ပုထုဇဉ်တို့ ရဲ့ ယထာဘူတအမြင်ဆိုတာ(ပေါက်ပင်တချိန်တွေ့ ၊ နွားနောက် တပိုင်းမြင်) ဆိုတဲ့ အမြင်မျိုးပါ။ ပေါက်ပင်ကို မိုးဦးကျအချိန်မှာ အရွက်တွေ စိမ်းနေလို့  အစိမ်းရောင်ပင်လို့  မြင်နိုင်ပါတယ်။ နွေဦးပေါက်ချိန်မှာတော့ အနီရောင်အပွင့်တွေ လှိုင်လှိုင်ပွင့်နေလို့  အနီရောင်ပင်လို့  ပြောကြပြန်ပါတယ်။ သူ့ အချိန်နဲ့ သူ၊ သူ့ အမြင်နဲ့ သူ တိုက်ဆိုင်မှုများပင်ဖြစ်ပါတယ်။ တစုံလုံး အမှန်တရားမဟုတ်ပါ။ ယနေ့  ပညာရှင်များ၊ ပါမောက္ခဆိုသူများ၏ အမြင်များသည် အများအားဖြင့် ယထာဘူတ အမြင်များအပေါ်အခြေခံပြီး ပြောဆိုထုတ်ပြန်လေ့ ရှိကြပါတယ်။ ကျွန်တော် မကြာခင်ကကြားလိုက်မိတဲ့ ပါမောက္ခတဦး၏ အမြင်ကိုတင်ပြလိုပါသည်။ ထိုပါမောက္ခကြီးမှာ အမေရိကန်နိုင်ငံ မက်ဆာချူးဆက် စက်မှုတက္ကသိုလ်ပါမောက္ခ Mr. Noam Chomsky ဖြစ်ပြီး အသက်ခုနှစ်ဆယ်ကျော်အရွယ် ရှိပါပြီ။ ထင်ရှားသည့် မှတ်တမ်းဝင် ပညာရှင်တရာမှာ နံပါတ်တစ်ကနေရာပေးခြင်းခံရသူလည်းဖြစ်ပါသည်။ ၂၀၀၈ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ က ဘန်ကောက်ပို့ စ်သတင်းစာကြီးနဲ့  ထိုပုဂ္ဂိုလ်ကြီးတို့  အင်တာဗျူးခဲ့ကြပါသည်။ မြန်မာနိုင်ငံအကြောင်းများလည်း ပါဝင်ပါသည်။ ၎င်းအထဲမှ ဆရာကြီးနမ်ချွမ်စကီး၏ အမြင်များကို ကျွန်တော်တို့ သိရှိ ခွင့် ရခဲ့ကြပါသည်။ ဘန်ကောက်ပို့ စ်မှ တိုက်ရိုက်ဖက်ရှုရခြင်း မဟုတ်ပါ။ ခေတ်ပြိုင်အင်တာနက်စာမျက်နှာမှလည်းကောင်း၊ ဗွီအိုအေ ရေဒီယိုမှ လည်းကောင်း ကြားသိဖတ်ရှုရခြင်းဖြစ်ပါသည်။ ဆရာကြီး နမ်ချွမ်စကီး၏ အမြင်များထဲမှ ကျွန်တော်စိတ်ဝင်စားမိတာက ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းတဲ့ ကိစ္စမှာ အမေရိကန်က အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်ခဲ့တယ်ဆိုတဲ့အချက်ပါပဲ။ ဒီအချက်သည်လည်း ကျွန်တော်တို့  နိုင်ငံရေး စိတ်ဝင်စားသူတွေအနေနဲ့  လက်ခံနိုင်ကြ ပါတယ်။ ဂျပန်နိုင်ငံ တိုကျိုလား ကျိုတိုလား တော့မမှတ်မိတော့ပါ။ အဲဒီမှာ ကမ္ဘာ့ဘဏ်ကနေပြီး အာဏာသိမ်းတော်လှန်ရေး ကောင်စီအစိုးရကို ဒေါ်လာ တစ်ဘီလီယံချေးခဲ့တာလည်း မှတ်သားမိခဲ့ဘူးပါတယ်။ အနောက်ဂျာမဏီက ဂျီသရီးသေနတ်စက်ရုံက ထုတ်လုပ်ပေးမှု့ ကိစ္စ။ အစ္စရေးက စစ်သင်တန်းနဲ့ နည်းပညာ၊ ထောက်လှမ်းရေးပညာတွေ သင်ပေးတဲ့ ကိစ္စတွေသည် အမေရိကန်ရဲ့ လက်ရာနဲ့  မကင်းကြပါဘူး။ ဒါကြောင့် မြန်မာပြည်မှာ စစ်အစိုးရ တရပ် ပေါ်ပေါက်လာခြင်းသည် အမေရိကန်ရဲ့ အခန်းကဏ္ဍပါတယ်ဆိုတာ ယုတ္တိရှိလှပါတယ်။ ဒီလို စစ်အာဏာရှင်အစိုးရပေါ်ပေါက်လာရခြင်းရဲ့ ဇစ်မြစ် ကိုလည်း ဆရာကြီးနမ်ချွမ်စကီးကကောက်ကြောင်းပေး ပြောဆိုလိုက်ပါသေးတယ်။ ဒါကတော့ ၁၉၅၀ ခုနှစ်လောက်က အမေရိကန်သမ္မတ အိုက်ဆင်ဟောင်ဝါလက်ထက်မှာ အမေရိကန်က အာရှနိုင်ငံတွေကို စစ်အေးတိုက်ပွဲထဲဆွဲ သွင်းနေတယ်။ အဲဒီအချိန်မှာ အမေရိကန်က အကြမ်းဖက်လုပ်ရပ်၊ အစိုးရဖြုတ်ချရေး လုပ်ရပ်တွေကို ခြေလှမ်းကျယ်ကျယ် လုပ်ကိုင်လာခဲ့တယ်။ အဲဒီ အထဲက အစိတ်အပိုင်းတခု အဖြစ်တရုတ်ဖြူတပ်တွေကို အမေရိကန်က မြန်မာနိုင်ငံထဲသွင်းလာခဲ့တယ်။ တရုတ်နီ ကွန်မြူနစ်အစိုးရကို စစ်ဆင်ရေး တရပ်နဲ့ ခြိမ်းခြောက်ဖို့ ပေါ့။ အဲဒီ တရုတ်ဖြူတပ်တွေက မြောက်ပိုင်းနယ်စပ်မှာရှိတဲ့ တိုင်းရင်းသားသောင်းကြမ်းသူတွေကို လက်နက်တွေပေးခဲ့တယ်။ အဲဒီလို ဆူပူမှုတွေဖြစ်တဲ့ဒေသမှာ တိုင်းရင်းသားတွေကို လက်နက်တွေပေးပြီး သူပုန်ဖြစ်စေခဲ့တယ်။ ဒါကြောင့် တိုင်းပြည်ရဲ့ အာဏာဟာ စစ်တပ်ဖက်ကို တိမ်းညွတ်သွားပြီး ၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့အထိ ဖြစ်ခဲ့ရတယ်လို့  ပါမောက္ခကြီးက ကောက်ချက်ဆွဲဖော်ပြထားတာတွေ့ ရပါတယ်။ ပါမောက္ခကြီးရဲ့ အမြင်သည် ယထာဘူတကျသည့်အမြင် ဖြစ်ပါတယ်။ သို့ သော် ယထာဘူတကျတဲ့ ပညာရှင်တို့ ရဲ့ အမြင်သည် သမိုင်းရဲ့ အစိတ်အပိုင်း တစုအဖြစ် မှန်ကောင်းမှန်နိုင်ပါတယ်။ သမိုင်းတခုလုံးကို ကုယ်စားပြုသုံးသပ်နိုင်တဲ့ အမြင်မျိုးတော့ မဟုတ်ပါဘူး။ အမေရိကန်သည် ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ အာရှနိုင်ငံများကို စစ်အေးတိုက်ပွဲအတွင်းဆွဲသွင်းလာတယ်ဆိုတဲ့ အချက်ဟာ မှန်ပါတယ်။ အထူး သဖြင့် ပထဝီနိုင်ငံရေးအရ မြန်မာပြည်လို နိုင်ငံမျိုးသည် အရေးကြီးတဲ့ အထဲမှာပါနေပါတယ်။ သို့ သော် အဲဒါကြောင့် မြန်မာပြည်ထဲကို တရုတ်ဖြူ တပ် တွေသွင်း၊ တရုတ်ဖြူတပ်တွေက တိုင်းရင်းသားတွေကို လက်နက်ပေးပြီး သူရန်ဖြစ်အောင်လုပ်၊ သောင်းကြမ်းခိုင်း၊ ပြီးတော့ ဒါကို အကြောင်းပြုပြီး စစ်တပ်က အာဏာသိမ်းမှု ဖြစ်ခဲ့ရပါတယ်လို့  ဆိုတဲ့ ကောက်ချက်သည် ယထာဘူတ အမြင်အရ အစိတ်အပိုင်းတခုကို ဖော်ပြနိုင်ပေမယ့်၊ သမိုင်းတစုံလုံးကို ကိုယ်စားပြု ဖော်ပြနိုင်တဲ့ အချက်တော့ မဟုတ်ပါဘူး။ ဗိုလ်နေဝင်းရဲ့ လက်ထဲကို တိုင်းပြည်အာဏာကျရောက်ခဲ့ရတဲ့ အဓိကတွန်းအားသည် အမေရိကန်ပင်ဖြစ်တယ်လို့  လူသိရှင်ကြားပြောကြားလာတဲ့ ပါမောက္ခကြီး နမ်ချွမ်စကီးကိုတော့ ကျေးဇူးတင်ရမှာပါ။ သို့ သော် မြန်မာနိုင်ငံကြီး စစ်အာဏာရှင်ဗိုလ်နေဝင်းရဲ့ လက်တွင်းကို သက်ဆင်းခဲ့ရတာကို ဆန်းစစ်လျှင် အပြင်ပဋိပက္ခထက် အတွင်းပဋိက္ခကြောင့်လို့  ဆိုရင်ပိုပြီး မှန်နိုင်ပါတယ်။ အဲဒီတုန်းက ကမ္ဘာ့အခြေအနေသည် လက်ဝဲ လက်ျာ ပဋိပက္ခ (သို့ ) စစ်အေးတိုက်ပွဲကြီးရဲ့ အရှိန်အဟုန်ကြီးမားကာစ ဖြစ်ပါတယ်။ အဲဒီအပြင် ဗဟိဒ္ဓ အရှိန်အဟုန်သည် နိုင်ငံတိုင်းအပေါ်ကို ရိုက်ခတ်လာတာ မှန်ပေမယ့် သက်ရောက်တဲ့ အင်အားအတိုင်းအတာကတော့ မတူကြပါဘူး။ အနီးဆုံးဥပမာပြရရင် ထိုင်းနဲ့  မြန်မာမှာ ထိုင်းနိုင်ငံရဲ့ အပေါ်မှာ စစ်အေး တိုက်ပွဲ ကျရောက်ခဲ့တဲ့ အရှိန်သည်သေးငယ်ပြီး မြန်မာပြည်ရဲ့ အပေါ်မှာကျရောက်မှု့ ဟာ ပြင်းထန်လွန်းလှပါတယ်။ အကြောင်းကတော့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးအတွင်းပဋိပက္ခဟာ မြန်မာနိုင်ငံလောက် မပြင်းထန်လို့ ပါပဲ။ မြန်မာနိုင်ငံမှာကတော့ လွတ်လပ်ရေးမရခင်ကစပြီး ပြင်းထန်ခဲ့တဲ့အတွင်း ပဋိပက္ခ သည် လွတ်လပ်ရေးယူတဲ့ ကိစ္စနှင့် လွတ်လပ်ရေးရပြီး နောက်ပိုင်းအထိ ကြီးမားဆဲဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့အတွင်း ပဋိပက္ခကြီးမားရတဲ့ အဓိကအကြောင်းရင်းကတော့ မြန်မာနိုင်ငံမှာ ကွန်မြူနစ်စနစ်အမြစ်တွယ်ပြီးအားကောင်းခဲ့လို့ ပါပဲ။ ဒီ အချက်သည် အနောက်အရင်းရှင် နိုင်ငံကြီးတွေ အတွက်ရတက်မအေးစရာ အာရုံစိုက်ရမည့်အရေးကိစ္စဖြစ်နေပါသည်။ အကြောင်းကတော့ တရုတ် ကွန်မြူနစ် နိုင်ငံနဲ့  ကပ်နေလို့ ပါပဲ။ မြန်မာ့နိုင်ငံရေးကို အစဉ်တစိုက်ကြိုးစားဆောင်ရွက်နေသူတွေသည် ပညာတတ်များဖြစ်ပြီး အများစုကတော့ ကွန်မြူနစ်ဝါဒကို လက်ခံယုံကြည်သူတွေ ဖြစ်နေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံသည် ကွန်မြူနစ်နိုင်ငံ (သို့ ) ဆိုရှယ်လစ်နိုင်ငံတစု ဖြစ်လာရန် ရေခံ မြေခံကောင်းနေတဲ့ နိုင်ငံတခုလည်း ဖြစ်နေပါတယ်။ အင်္ဂလန်၊ အမေရိကန်စတဲ့ အရင်းရှင်နိုင်ငံကြီးတွေဟာ သူတို့ လက်လွတ် လိုက်တဲ့ ကိုလိုနီနိုင်ငံ လေးတွေ ကို လွတ်လပ်ရေးပေးရသော်ငြားလည်း ကွန်မြူနစ်နိုင်ငံတခု ဖြစ်မလာရေးအတွက် နည်းမျိုးစုံနဲ့  အားသွန်ခွန်စိုက် လုပ်နေကြပါတယ်။ ဒါကလည်း သဘောတရားအရ သူတို့ လုပ်ရမယ့် အလုပ်ကို သူတို့ လုပ်တာပါပဲ။ ပါမောက္ခကြီးရဲ့ ကောက်ချက်ကို ပြန်ကောက်ပါအုံးမယ်။ အမေရိကန်က တရုတ်ဖြူတပ်ကို သွင်းခဲ့တယ်။ တရုတ်ဖြူတပ်တွေက လက်နက်တွေကို တိုင်းရင်းသားသောင်းကြမ်းသူတွေကိုပေးလို့  သူပုန်တွေဖြစ်ပြီး သောင်းကြမ်းကြလို့  ဗိုလ်နေဝင်းရဲ့ လက်ထဲကို အာဏာရောက်ခဲ့တယ်လို့ ဆိုပါတယ်။ တကယ်တော့ ဒါဟာ မပြောပလောက်တဲ့ အစိတ်အပိုင်းလေးတခုပါ။ အဲဒီ မတိုင်ခင်ကတည်းက BIA, BDA လက်ထက်နဲ့ ၊ BIA, BDA တို့  ဖျက်သိမ်းတဲ့ကာလ၊ အင်္ဂလိပ်ကို တိုက်ထုတ်ပေးရတဲ့ကာလ၊ ဂျပန်တွေ ပြေးရတဲ့ ကာလတွေကစပြီး သူတို့ ကျန်ခဲ့တဲ့ လက်နက်တွေနဲ့  မြန်မာပြည်မှာ သူပုန်အမျိုးမျိုးပေါ်ထွန်းခဲ့ရပါပြီ။ ဗ.က.ပ၊ အလံနီ၊ အလံဖြူနဲ့  လူမျိုးစုံသူပုန်တွေ လွတ်လပ်ရေးမရခင်မှစပြီး ရပြီးသည် အထိပေါ်ထွန်းအားကောင်းခဲ့ပြီး ဖြစ်ပါသည်။ ဆိုလိုချင်တာက အမေရိကန်သွင်း တရုတ်ဖြူတွေကြောင့်ဆိုတာ လုံလောက်မှု့ မရှိပါ။ မြန်မာပြည်သည် စစ်အာဏာရှင်၏အောက်သို့  ရောက်ခဲ့ရသည်မှာ ပြည်တွင်း ပြဿနာ၊ အတွင်းပဋိပက္ခကြောင့်ဆိုလျှင်ပို၍မှန်ပါလိမ့်မည်။ နွားကွဲလျှင် ကျားဆွဲမည်ဆိုသော ကမ္ဘာကြီးဖြစ်နေသည်ကား အမှန်ပင်ဖြစ်နေပါသည်။ မြန်မာပြည်ကဲ့သို့  ပထဝီနိုင်ငံရေးအရ အရေးပါပြီး မဖွံ့ ဖြိုးသော နိုင်ငံလေးတွေကို ကွန်မြူနစ်နိုင်ငံကြီးတွေက သူတို့ ရဲ့ မဟာမိတ်ကွန်မြူနစ်နိုင်ငံလေး ဖြစ်စေချင်သလို အရင်းရှင်နိုင်ငံကြီးတွေကလည်း သူတို့ ရဲ့မဟာမိတ်အရင်းရှင်နိုင်ငံလေးဖြစ်စေလိုသည်မှာ အဆန်းတရားမဟုတ်ပါ။ သူတို့ အမြဲကြိုးစား နေကြသည်မှာ သံသယရှိစရာမလိုပါ။ လွတ်လပ်ရေးရခါစ မြန်မာပြည်၏ အခြေအနေသည် လက်နက်ကိုင်ရောင်စုံသူပုန်များရှိနေခြင်း၊ ကွန်မြူနစ်တရုတ်ပြည်ကြီးနှင့် ကပ်လျှက်ရှိနေခြင်း၊ ပြည်သူများ၏ ဒီမိုကရေစီနည်းကျ တင်မြှောက်ထားသော (ပ.ထ.စ)၊ (ဖ.ဆ.ပ.လ) အစိုးရတို့ ကို ခြိမ်းခြောက်နိုင်သည့် ဗမာကွန်မြူနစ် သူပုန်များရှိ နေခြင်း၊ ကွန်မြူနစ်အတွေးအခေါ်လွှမ်းမိုးခြင်းခံရသည့် ပညာတတ်များအားကောင်းနေခြင်း။ ဒီအချက်တို့ သည် အမေရိကန်၊ အင်္ဂလန်နိုင်ငံတို့ အတွက် ဂရုစိုက် စောင့်ကြည့်နေရမည့် အချက်များဖြစ်နေပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံကို ကွန်မြူနစ်နိုင်ငံအဖြစ်မခံနိုင်ပါ။ ကွန်မြူနစ်နိုင်ငံဖြစ်သွားလျှင် အသိုင်းအဝိုင်းကကြီးထွားသွားနိုင်ပါသည်။ ဒါကြောင့် အရင်းရှင်နိုင်ငံကြီးတို့ သည် မိမိတို့ ဘက်ကိုမပါသေးသော်လည်း ကွန်မြူနစ်ကိုဆန့် ကျင်သော တိုက်ခိုက်ချေမှုန်းမည့်အစိုးရတရပ်ကို ဖေါ်ဆောင်မည့်၊ အားပေးမည့် ပေါ်လစီကိုကျင့်သုံးလာကြပါတော့သည်။ ဒီပေါ်လစီအရအရှေ့ တောင်အာရှ နိုင်ငံလေးတွေမှာ လက်ျာအာဏာရှင်အစိုးရနှင့် စစ်အာဏာရှင်အစိုးရတွေ ပေါ်ပေါက်ခဲ့ကြရပါသည်။ အဲဒီအထဲမှာ မြန်မာစစ်အာဏာရှင်အစိုးရလည်း အပါအဝင်ဖြစ်ခဲ့ပါသည်။ ဗိုလ်ချုပ်နေဝင်းသည် အလိုရမက်ကြီးသည်၊ ပညာတတ်ကိုမုန်းသည်ဟု နာမည်ကြီးပါသည်။ တပြိုင်နက်တည်းမှာ ကွန်မြူနစ်ကို လုံးဝအလိုမရှိသူ ဖြစ်နေပါသည်။ ဒီ အချက်သည် အနောက်အုပ်စုအတွက် မျက်စိကျစရာ အကောင်းဆုံးအချက်ပင်ဖြစ်ပါသည်။ ဒါကြောင့် ဦးနေဝင်း၏ လက်ထဲကို အာဏာရောက်ရေးမှာ အနောက်အုပ်စု၏ အလိုလားဆုံးအချက်ဟု ဆိုနိုင်ပါသည်။ မြန်မာကွန်မြူနစ်ကို အပြတ်အသတ် မနှိပ်ကွတ်နိုင်သည့် ဒီမိုကရေစီ ဦးနုအစိုးရ၏ လက်ထဲက တိုင်းပြည်၏အချုပ်အခြာအာဏာကို စစ်အာဏာရှင် ဗိုလ်နေဝင်း လုယူတုန်းက အနောက်အုပ်စုသည် ဦးနုအစိုးရ၏ဘက်မှ ကာကွယ်ရပ်တည်ပေးခြင်း မပြုခဲ့ကြပါဘူး။ ဗိုလ်နေဝင်းရဲ့ တော်လှန်ရေးကောင်စီကိုပဲ ငွေအား၊ လက်နက်အားတွေ ကူညီခဲ့တာ ရှေ့ ပိုင်းမှာဖေါ်ပြပြီး ခဲ့ပါပြီ။ ဗိုလ်နေဝင်းကလည်း အရှေ့ ဘက်ကွန်မြူနစ်အုပ်စုကြီးမျက်စိလည်အောင် ဆိုရှယ်လစ်ဆိုင်းပုဒ်ကြီးတင်လိုက်ပါသည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဆိုတာကိုလည်း ထူထောင်လိုက်ပါသည်။ သဘောတရားရေးရာ သင်တန်းတွေ အရှေ့ ဘက်က ယူသလိုလိုနဲ့  စစ်သင်တန်းတွေကို အနောက်ဘက်က ယူပါသည်။ ပြီးတော့ မြန်မာကွန်မြူနစ်တွေကို နှိပ်ကွပ်ပါတော့သည်။ တက္ကသိုလ်ကျောင်းသားသမ္မဂအဆောက်အဦးကို မိုင်းခွဲဖြိုချပြီး ကျောင်းသားးတွေကိုသတ်ပြ လိုက်တာသည် ဗိုလ်နေဝင်းရဲ့ မိုက်သွေးကို စတင်ပြ သလိုက်တာပါပဲ။ မြေပေါ် ကွန်မြူနစ်ဌါနချုပ်လို့ လည်း တရားမဝင်စွပ်စွဲခဲ့ပါတယ်။ ၁၉၆၇ ခုနှစ်မှာ မြန်မာပြည် ဆန်ပြဿနာဖြစ်နေတုန်း တရုတ်- မြန်မာ ရိုက်ပွဲကို ဖန်တီးပြီး တရုတ်တွေကို ရိုက်သတ်ပြလိုက်သည်မှာလည်း ဗိုလ်နေဝင်းရဲ့ အနောက်အုပ်စုကြိုက်ပြကွက်တခုပါ။ တဆက်တစပ်တည်း စီမံကိန်းရှိရှိနဲ့  ကွန်မြူနစ်အပြုတ်တိုက်ရေးအဖြစ် ဖြတ်လေးဖြတ် စနစ်နဲ့  ပဲခူးရိုးမမှာ အခြေစိုက်တဲ့ ကွန်မြူနစ်တွေကို ဝိုင်းပါတ်ပိတ်ဆို့ တိုက်ခိုက်ပါ တော့တယ်။ လက်နက်ကိုင်မြေပေါ်ဗမာကွန်မြူနစ်တွေ တရုတ်နယ်စပ်က ပန်ဆန်း၊ ကျူကုတ်ဒေသတွေကို ရောက်သွားပါတယ်။ နောက်ဆုံး ဗိုလ်ချုပ် စောမောင် ဦးစီးပြီး တိုက်ခိုက်သွားတဲ့ တာပန်၊ စီစီဝမ်တိုက်ပွဲ၊ ဟိုက်ကမ်းပါးတိုက်ပွဲကြီးတွေကို အနိုင်တိုက်ပြီး ကွန်မြူနစ်ကို နလံမထူအောင် ချေမှုန်း နိုင်ခဲ့ပါတယ်။ ဒီအချက်တွေသည် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်အစိုးရတည်မြဲရေး၊ ကြီးထွားရေးအတွက် အဓိကအချက်တွေပင်ဖြစ်ပါတယ်။ စစ်အေး တိုက်ပွဲကာလတွင် ကွန်မြူနစ်ကို တိုက်ခိုက်ချေမှုန်းသည့် မည်သည့်အစိုးရမျိုးမဆို အနောက်အုပ်စု၏ အကူအညီအထောက်အပံ့ရကြသည်မှာ ယုံမှား သံသယဖြစ်စရာမလိုပါ။ ပါမောက္ခကြီးပြောသည့်အတိုင်း ရကြသည်ပင်ဖြစ်ပါသည်။ အနှစ်ချုပ်ကို ကောက်ချက်ဆွဲရလျှင် လွတ်လပ်ပြီးစ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအစိုးရလက်ထက်မှာ မြေပေါ်မြေအောက် ကွန်မြူနစ်အင်အား ကောင်းခဲ့သည့်အတွက် စစ်အေးတိုက်ပွဲကာလ စစ်အာဏာရှင်အစိုးရ တရပ် ပေါ်ထွန်းခဲ့ခြင်းပင်ဖြစ်နေပါသည်။
.......................................................................................................
|
|||||||||||||||||||||||||||||||||
|
Home | Current News | Letter | Humour | Poem | Onepage novel | Thought | Impression | Contact Us | Top |
||||||||||||||||||||||||||||||||||
|
Suggestions & Comments: linyaungchi |
||||||||||||||||||||||||||||||||||