![]() |
||||||||||||||||||||||||||||||||||
|
ဦးသောင်းနှင့် ကျနော်တို့ စာဖတ် ပရိတ်သတ်သန်းတိုးရှိန်
မြန်မာနိုင်ငံမှာ ထင်ရှားသူတွေကို အမှတ်ရလွယ်အောင် ဂုဏ်ထူးတပ် အမည်မှည့်ခေါ်တဲ့ ဓလေ့က ချစ်စရာပါ။ အဲဒီအထဲမှာသတင်းသမား တွေလည်း ပါကြပါတယ်။ ထင်ရှားသူတွေထဲက သာဓကပြ ရရင် ဒီးဒုတ်ဦးဘချို၊ ဗမာ့ခေတ် ဦးအုန်းခင်၊ လူထုဦးလှ၊ ဟံသာဝတီ ဦးဝင်းတင်၊ ဒဂုန်တာရာ၊ ဂါးဒီးယန်း ဦးစိန်ဝင်း၊ လူထု ဦးစိန်ဝင်း၊ ကြေးမုံဦးသောင်း စသည်ဖြင့် များစွာရှိကြပါတယ်။ ဂျာနယ်လစ်လို့ခေါ် တဲ့ သတင်းသမားတွေဟာ အမှန်တရားဘက်က ပြည်သူ့အတွက် ရဲရဲ ၀န့်ဝန့် ရပ်တည် ကြလို့ ထောင်တန်းကျခံကြရပေ မယ့် သူတို့ ကတော့ အမှန်ကိုရေးမြဲ ဆောင်ရွက်ပြုမူမြဲ လုပ်လေ့ရှိကြပါ တယ်။ ဒီလိုလူတွေဟာ တိုင်းပြည်အတွက် လူမျိုးအတွက် တန်ဖိုး မဖြတ်နိုင် တဲ့ ရတနာတွေပါ။ အဲဒီသူတွေ အထဲက ကြေးမုံဦးသောင်းဟာဖြင့် ဧပြီ ၃ ရက်နေ့က ထပ်မံ ဆုံးပါးခဲ့ရ ပြန်ပါပြီ။ ကျနော်ကြေးမုံ ဦးသောင်းကို ယခင်က သတိမပြူခဲ့ မိပါ။ ကျနော်ဦးသောင်း ရဲ့  စာပေနဲ့ သတင်းသမားကောင်း တဦးအဖြစ်ရပ်တည်ခဲ့ပုံကို စတင်မိတ်ဆက်ပေးသူက ကွယ်လွန်သွားတဲ့ ကဗျာဆရာကြီး ဦးတင်မိုး ဖြစ်ပါတယ်။ ကျနော်နဲ့ ဦးတင်မိုး စတင်ဆုံခဲ့တာကလည်း ၁၉၉၃ ခု နှစ် အင်းစိန်ထောင်အမှတ် ၅ အဆောင် မှာပါ။ ထောင်ထဲမှာ နေ့လည်ဘက် ၁၂ နာရီနဲ့ ၃ နာရီခွဲ ကြားဆိုရင် အဆောင်ကျန် အကျဉ်းသား တွေ လွတ်လပ်စွာနေခွင့် ရ၊ စကားစမည် ပြောခွင့်ရတဲ့ အချိန်ပါ။
ကြေးမုံ ဦးသောင်း(ခ) အောင်ဗလ စာသမားဖြစ်တဲ့ ဦးတင်မိုးက နေ့လည်ဖက် အဲဒီအချိန်မှာ လူငယ်တွေ ဖတ်ခဲ့တဲ့စာတွေ ပြန်ပြော အပြခိုင်း၊ သူကနားထောင်၊ ပြီး တော့ အဲဒီပြောပြချက်တွေထဲက လူငယ်တွေ မရှင်းလင်းတာရှိရင် ပြန်ရှင်းပြနဲ့ အလွန် တန်ဘိုးရှိတဲ့ စာပေ လေထန်ကုန်းလုပ်ခွင့်ရတဲ့ အချိန်လို့ တင်စားပြောရင် ရမယ့်အချိန်ပါ။ အဲဒီစကားဝိုင်းမှာ ဆရာကြီး ဦးတင်မိုးက ကြေးမုံဦးသောင်း ချီးမွမ်းခန်းကို ဒီလိုစပါတယ်။*သူက အညာ သားဗျ။ သိပ်ကြိုးစားတယ်။ စာရေးတဲ့ နေရာမှာလည်း စိတ်ကူးသိပ်ထက်တယ်။ သူရေး နည်းက တမူထူးခြားတယ်။ ဦးသောင်းက သတင်းထောက်အလုပ်အပြင် စာစုံရေးတယ်။ ကဗျာ၊ ဟာသ၊ သရော်စာ၊ ပြဇာတ် တွေ လည်း ရေးတယ်။ အသက် ၂၅ နှစ်နဲ့ ဗမာ့ ခေတ်သတင်းစာမှာ အယ်ဒီတာချုပ်ဖြစ်လာခဲ့တဲ့သူ။ သူ့စာတွေ ကို နမူနာ မြင်အောင် သူ ကျန်းမာရေး ဆောင်းပါးတပုဒ် ရေးသွားခဲ့တာကို နမူနာပြမယ်။ တနေ့မှာ သတင်းထောက်ပေါက်စလေး အောင်ဗလလို့ ခေါ်တဲ့ ဦးသောင်းဟာ ဘာသတင်းမှ မရလို့ စိတ်ပျက်ပြီး ဆူးလေ ဘုရားပေါ် မှာ တက်ထိုင်ရင်း တောင်းငေးမြောက်ငေးလုပ်ကာ သတင်းရှာ နေသတဲ့။ အဲဒီအချိန်မှာ အဖိုးကြီး ၃ယောက် ထိုင်ပြီး ဗန္ဓုပန်ူခြံထဲမှာ စကားထိုင်ပြောနေ တာ သူမြင်တယ်။ ဒီတော့ သူက ဒါ-သတင်းတပုဒ် ရပြီ ဆိုပြီး အဲဒီအဖိုးကြီးတွေဆီ သွားတာပေါ့။ သတင်းထောက်တို့ ထုံစံအတိုင်း ကိုယ့်ကိုယ်မိတ်ဆက်ပြီး အဖိုးကြီးတွေထဲက အသက် အငယ်ဆုံးလို့ ထင်ရ တဲ့ သူကိုစတင်မေးတယ်။ အဘ ဒီအရွယ်ရောက်အောင် ဘာဆေးများမှီဝဲ ပါ သလဲ လို့  မေးတော့ နွားနို့ ပေါ့ကွယ်။ အင်း ဘယ်လိုမှီဝဲသလဲ မေးတော့ ပြောပြရမှာပေါ့။ နေ့ (၄) ည(၆) ကွဲ့၊ အဓိပ္ပါယ်က နေ့ဘက် ၄ ခွက်၊ ည ဘက် ၆ခွက်ပေါ့ကွယ်။ အဘ အသက်က ၈၅ နှစ် ရှိပကွဲ့လို့ ဖြေအပြီိးမှာ သူက နေရပ်လိပ်စာတောင်း၊ မှတ်တမ်းတင် ဓါတ်ပုံရိုက် ထား သတဲ့။ နောက် ဒုတိယ အသက်ကြီးသူလို့ ထင်ရတဲ့သူကိုသူက အမေးမှာတော့ ၊ အဘအခုလို အသက်ရှည်တာ အရက်ကွဲ့၊ အရက်။ မှီဝဲပုံလား။ စောစော က သူပြောသလို နေ့ (၄) ည (၆) ပဲပေါ့ကွယ်။ အဘ အသက်က ၇၅ ရှိပါကွဲ့ လို့ ပြန်ဖြေအပြီးမှာ နေရပ်လိပ်စာတောင်း၊ မှတ်တမ်းတင် ဓါတ်ပုံရိုက်ဲပြန်သတဲ့။ အင်း-ဒီနောက်ဆုံးမေးရမယ့် အဖိုးကြီးကတော့ အသက်အကြီးဆုံးရုပ်ပေါက်နေတော့ သူက (၉၀)လောက် ခန့်မှန်းသတဲ့၊ဒီတခါတော့ ခွင့်တောင်းပြီးဓါတ်ပုံ အရင်ရိုက်ယူလိုက်တယ်၊ ပြီးတော့ အရိုသေဆုံး လေသံသုံး ကာ အဘကြီးခင်ဗျာ၊ အခုလို အသက်ရှည်တဲ့အထိ ကျန်းမာအောင် နေတဲ့နည်းလေး မ စပါခင်ဗျာလို့ သူက မေးသတဲ့။ ဒီတော့အဖိုးကြီးက မိန်းမကွဲ့၊မိန်းမ လို့ဖြေသတဲ့။ အဘအသက်ရှည်တာနဲ့ မိန်းမနဲ့ က ဘယ်လို များပါလိမ့် ထူးဆန်းလှချည့်၊ အဘအမျိုးသမီးက အပြုအစု ကောင်းတယ်ထင်တယ်။ ရှင်းပြပါဦးဆိုပြီး မေးပြန်တော့၊ သူတို့ပြောသလို နေ့၎ ည ၆ ပေါ့ကွာ။ အဘ အသက်လား ၆၅ ရှိပကွဲ့လို့ ပြန်ဖြေ ရှာသတဲ့။ လူ့ကျန်းမာရေး ဘယ်အရာက အထိခိုက်ဆုံးဆိုတာ မြင်သာအောင် ဦးသောင်းက ကျန်းမာရေးဆောာင်းပါးကို အဲလိုပညာသားပါပါရေးခဲ့တဲ့သူ လို့ ဆရာကြီးဦးတင်မိုးက ရှင်းပြခဲ့ ဖူးပါတယ်။ နောက်သူဆက်ရှင်းပြတာက နောက် ကြေးမုံဦးသောင်းဆိုပြီးဖြစ်ရတာက သူကိုယ်ပိုင် အယ်ဒီ တာချုပ်လုပ်ပြီး ကြေးမုံ သတင်းစာကို ၁၉၅၇ မှာ ထောင်တယ်လေ၊ အဲဒီနောက် ဦးသောင်း က ဗိုလ်နေ၀င်း တော်လှန်ရေးအစိုးရကို ဝေဖန်ရေး ဆောင်းပါးတွေ ရေးလို့ သူ့ကိုထောင်ချ၊ သူ့သတင်းစာတိုက်ကို ပြည်သူ ပိုင် သိမ်းတော့တောပဲ။ သူ့ကို ဗိုလ်နေ၀င်းက ထောင်က လွတ်တော့ နေရာတွေ ဘာတွေပေးပြီး လက်သပ်ပြန် မွေးသေးတယ်။ ဆရာသိန်းဖေမြင့်တို့ ပြန်သုံး သလိုမျိုးပေါ့။ ဦးသောင်းက ၃ နှစ်လောက်တော့ အစိုးရအလုပ်ကို လုပ်သေး ထင်ရဲ့ ၊ နောက်ပြည်ပထွက်ပြီး အမှတ်တရားဘက်က နေ ရပ်တည်ပြီး စာတွေရေးလိုက်တာ စစ်တပ်အစိုးရ ဘက်က သူ့ကို တုန့်ပြန်တာ အခုရက်ပိုင်းတွေမှာ ထုတ်တဲ့ န.အ.ဖ သတင်းစာတွေမှာ ခင်ဗျားတို့ တွေ့မှာပေါ့။ ဘာတဲ့ဗျာ အဲအဲ- ခင်ဗျားတို့ သတင်းစာထဲမှာ ဖတ်ခဲ့ရသလို အောင်ဗာလယ်၊ အောင်ဗာလိမ် ဆိုတဲ့ စကား လုံးတွေနဲ့ ပြန်တီးတော့တာပဲ။ အခုလည်း သူက ဒီမိုကရေစီစာစောင်တွေမှာ ရေးနေတယ်တဲ့၊ အပြင်ရောက် ရင် သူ့စာအုပ်တွေ ဖတ်ကြည့်ပေါ့ဗျာ။ ကြေးမုံ သတင်းစာ သူဘယ်လို စလုပ် ခဲ့ တယ်။ ဘယ်လိုကြိုးစား တည်ထောင်ခဲ့တယ်ဆိုတာ သိချင်ရင်တော့ တက္ကလိုလ်စာကြည့်တိုက်မှာ သတင်းစာ အဟောင်းတွေ ငှားပြီး ကြည့်လို့ ရ ပါတယ် လို့ ဦးတင်မို့း ဦးသောင်း ရဲ့  စာပေ တန်ဘိုးကို ရှင်းပြခဲ့ဖူးပါတယ်။ လက်ရှိအချိန်မှာလည်း ဦးသောင်းဟာ နအဖစစ်အစိုးရလုပ်ရပ်နှင့် ဒီမိုကရေစီ အရေခြုံ သမားများနဲ့ စားဖား များ ကို ရဲဝန့်ပြတ်သားစွာ အကွက်ပေါ်တိုင်း ထောက်ပြပြော ဆိုရေးသား ခဲ့ပါတယ်၊ ဒေါက်တာဇာနီ မြန်မာ ပြည်ပြန်ပြီး နအဖနဲ့ လှို့ ဝှက်ကျိတ်ကြံစည် ဆွေးနွေး သည်ကို Voice of Burma စာစောင်မှ အစောဆုံး ထောက်ပြခဲ့ပါတယ်။ မြန်မာတွင် လူအများသိပြီး ဖြစ်သည့် မြန်မာ ပြည်ကွန်မြူနစ် ပါတီ၏ လုပ်ရပ်တို့ကို လည်း ကွန်မြူနစ်ပါတီ "လဒလော။ ဒေါင်းလော"ဟု ခေတ်ပြိုင်ဂျာ နယ်မှ အထင်အရှားထောက်ပြ ရေးသား ခဲ့ဖူးပါတယ်။ ပြည်ဘက်မှ ရပ်တည်ကာ ပြည်သူတို့အတွက် ဟော ပြောသော အာအက်အေ၊ ဘီဘီစီ စသည်တို့မှ ဆရာကြီး ဦးသောင်း၏ အသံလွှင့်ဆောင်းပါး အသံများ ဂရုပြုနား ထောင်ခြင်း၊ သူ့ဆောင်းပါးများကို အင်တာနက် စာမျက်နှာ။ စာစောင်စာမျက်နှာတို့မှာ ပြုနေချိန်မှာ ဆရာကြီး နားမကျန်းဖြစ်ကြောင်း ခေတ်ပြိုင်နှင့် ဟစ်တိုင် အင်တာနက် စာမျက်နှာတို့မှ သိရှိလို့ ဆရာကြီး ကျန်းမာပါစေ၊ အသက်ရှည်ရှည် နေခွင့်ရပါစေ၊ ဦးတင်မိုး စကားနှင့် အငှားပြောရရင် ဒီမိုကရေစီ ရထားကြီး ရန်ကုန်ဘူတာကြီး အဆိုက်မှာ ပျော်ပျော်ပါးပါး ဆုံခွင့်ရပါ စေလို့ ဆုတောင်းမိခဲ့ပါတယ်၊ ကျနော်ဆုတောင်း မပြည့်ခဲ့ပါ၊ ကျနော်တို့ စောင့်စားဖတ်ခဲ့သော ဆရာကြီး၏ လိုရင်းတိုရှင်း ရဲဝန့်ပြတ်သားတဲ့ ဆောင်းပါးများ၊ အသံလွှင့် ဆောင်းပါးများကိုကြားနိုင် ဖတ်နိုင်ခွင့် ရနိုင်မှာ မဟုတ်တော့တာကို တွေးရင်း ဆရာကြီးဦးသောင်း ကို အစားထိုးမရတဲ့ ဆုံးရှုံးမှုနဲ့အတူ လွမ်းနေရတော့မှာ ဖြစ်ပါတယ်။
|
|||||||||||||||||||||||||||||||||
|
Home | Current News | Letter | Humour | Poem | Onepage novel | Thought | Impression | Contact Us | Top |
||||||||||||||||||||||||||||||||||
|
Suggestions & Comments: linyaungchi |
||||||||||||||||||||||||||||||||||