မူလစာမျက်နှာ
မြန်မာသတင်း

ကမ္ဘာသတင်း

ဆောင်းပါး

အတွေး ကဏ္ဍ

စွဲမှတ်ဖွယ်ရာ
ပဲ့တင်သံ
တမျက်နှာဝတ္ထုတို
ပေးစာပြန်စာ
ကဗျာ
ရွှင်ပြုံးဖွယ်
ဗေဒင်နှင့်ကံကြမ္မာ
ကာတွန်း

ဖျော်ဖြေရေး

ရွှေ စာမျက်နှာများ

ရွှေ ဘလော့ဂ်များ

 
 

 

 

 
 

ဆက်သွယ်ရန်

lin.yaungchi@yahoo.com

 
 
 
 

အရက်တိုက်ပြီး ဥပဒေပြုလို့  မရနိုင်          

                                      (ကြေးမုံ ဦးသောင်း)

၁၉၉၃  ဧပြီ (၁၆) 

              စစ်တပ်သည် ထာဝရ အာဏာရှင် ဖြစ်စေရမည်ဟူသော ဥပဒေကို ရေးနိုင်ရန်အတွက် စစ်တပ်အစိုးရသည် အမျိုးသားညီလာခံကို ကျင်းပနေ၏။ စစ်တပ်က အမိန့် ပေးသမျှ ထောက်ခံပါ၏ဟုပြောမည့် ကိုယ်စားလှယ်တော်များကို ဆင့်ခေါ်ကာ အရက်ကလေး တမြမြ ပြုစုကာ စည်းဝေးစေ၏။ ကိုယ်စားလှယ်တော်မင်းများသည် မည်သူမည်ဝါတို့ ဖြစ်ကြသည်ဟုပင် လူထုကို အသိမပေးဝံ့။ ခေါင်းခေါက်ကာ လက်ရွေးစင်ရွေးကာ ဖိတ်ထားစေကာမူ စစ်တပ်ကို မထောက်ခံက ချက်ချင်းဖမ်းရန်အတွက် အမည်အပြည့်အစုံကို လျှို့ ဝှက်ထားရသည်ဟုလည်း သိရသည်။

           ယင်းကဲ့သို့  ကပေါက်တိကပေါက်ချာ ထင်ရာစိုင်းနေသော စစ်ဓားပြများ၏ အားထုတ်မှု့ များသည် အရာရောက်မည် မဟုတ်၊ သဲထဲရေသွန် အချည်းနှီးသာ ဖြစ်လေအံဟု နိမိတ်ဖတ်ပါ၏။ ဖွဲ့ စည်းအုပ်ချုပ်ပံ အခြေခံဥပဒေဟူသည်မှာ စစ်တပ်က လက်တို့ ကာ ရွေးထားသော လူများ၏ အစည်းအဝေးမှ ရေးဆွဲခွင့် မရှိပါ၊ လူထုက ရွေးကောက်တင်မြှောက်ထားသော ပြည်သူတို့ ၏အမတ်များကသာ ရေးဆွဲပိုင်ခွင့် ရှိပါသည်။

            မြန်မာ့ အခြေခံဥပဒေ မည်သို့ မည်နှယ် ရေးခဲ့ကြသည်ကို လေ့လာသင့်ကြပါသည်။

         “ ဗြိတိသျှအစိုးရသည် ၁၉၈၄ ခု ဇန်နဝါရီလတွင် အာဏာလွှဲပြောင်းပေးရန်အတွက် အခြေခံဥပဒေ ရေးဆွဲရေးကို အဆောတလျင် အားထုတ်ပါဟု ဦးနုအားတိုက်တွန်းလေသည် ” ဟု ဗိုလ်မှူးဟောင်း ဦးမောင်မောင်၏ အမျိုးသားလှုပ်ရှားမှု သမိုင်းတွင် အသေးစိတ် ရေးထား၏။

              ၁၇၈၇-၉၁  ခုနှစ်က ပြင်သစ်တော်လှန်ရေးကြီး အောင်နိုင်ပြီးနောက် နိုင်ငံသစ်တည်ထောင်ကြစဉ်က အုပ်ချုပ်မှုနှင့် ဥပဒေပြုရန် အာဏာပိုင်သော အမျိုးသားလွှတ်တော် မပေါ်မီတွင် အခြေခံဥပဒေ ရေးဆွဲရန်အတွက် လူထုကရွေးကောက် တင်မြှောက်ထားသော လွှတ်တော်ကို “ တိုင်းပြုပြည်ပြုလွှတ်တော်” ဟု ခေါ်တွင်ခဲ့၏။ ထိုအချိန်မှစကာ လွတ်လပ်စ နိုင်ငံသစ် တည်သော နိုင်ငံတို့ သည် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲ ကျင်းပလေ့ရှိကြ၏။ တိုင်းပြုပြည်ပြု လွှတ်တော်အမတ်များ က  အခြေခံဥပဒေကို ရေးကြလေ့ရှိ၏။  စစ်တပ်က စစ်ကားပေါ်တင်ကာ ပေါ်တာဆွဲသကဲ့သို့  ခေါ်လာသူများကို အရက်တိုက်ပြီး အခြေခံ ဥပဒေရေးစေသော နိုင်ငံဟူ၍ ကမ္ဘာ့သမိုင်းတွင် မရှိဖူးပါ။

               တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲ ကျင်းပကာ လူထုကိုယ်စားလှယ် အစစ်အမှန်အမတ်များက အခြေခံ ဥပဒေရေးဆွဲရန် လမ်းစဉ်ကို ကနဦးကပင် ဖ.ဆ.ပ.လ အဖွဲ့ ကြီးက ပြင်ဆင်ထားပြီးဖြစ်၏။ ၁၉၄၇ ခု မတ်လက ဦးအောင်ဆန်းက ဗမာ့အသံမှ အသံလွှင့်မိန့် ခွန်းပေးရာတွင် “ အခု တိုင်းပြုပြည်ပြုလွှတ်တော်ကို ဧပြီလမှာ ရေးပြီး ဇွန်လမှာကျင်းပရင် သုံးလေး ငါးလလောက်အတွင်းမှာ လွတ်လပ်တဲ့ဗမာပြည်ရဲ့ ဖွဲ့ စည်းအုပ်ချုပ်ပုံ ဥပဒေကို ရေးဆွဲဆုံးဖြတ်နိုင်မယ်။ ဥပဒေရေးဆွဲပြီးတာနဲ့ တပြိုင်နက် ဘယ်နေ့ ဘယ်ရက်မှာ ကျုပ်တို့ လက်ကို အာဏာလွှဲပေးပါလို့  ဗြိတိသျှအစိုးရနှင့် အရေးဆိုရမယ်…” ဟု ပြောခဲ့၏။

                   ဦးအောင်ဆန်းပြောခဲ့သည့်အတိုင်း ၁၉၄၇ ဧပြီလ (၂၇) ရက်နေ့ တွင် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲ ကျင်းပခဲ့၏။ မြန်မာအမတ် (၁၈၂) ဦး၊ ကရင် (၂၄)၊ အင်္ဂလိပ်ကပြား (၄)၊ ရှမ်း (၂၆)၊ ကချင် (၇)၊ ကရင်နီ (၂) နှင့် သံလွင်ခရိုင် အစုစု အမတ် (၂၅၅) ဦး တို့ သည် ၁၉၄၇ ခု ဇွန်လ (၉) ရက်နေ့ တွင် စတင်စည်းဝေးကြ၏။

                      ဇွန်လ (၁၆) ရက်နေ့ အစည်းအဝေးတွင် လမ်းမတော် အမတ်မင်း ဦးအောင်ဆန်းက အခြေခံဥပဒေရေးဆွဲရန် အခြေခံမူ (၇) ချက်ကို အဆိုတင်ပြီး နှစ်ရက်ကြသောအခါတွင် အဖွဲ့ ဝင် (၇၅) ဦး ပါဝင်သော အခြေခံဥပဒေရေးဆွဲရေးကော်မတီ ကို  ဖွဲ့ ကာတာဝန်ပေးလိုက်၏။

                       နောက်တလအကြာတွင် ဦးအောင်ဆန်းတို့ လုပ်ကြံခံကြရ၏။ သို့ သော ဥပဒေရေးဆွဲမှုကို ဆက်လက် အားထုတ်ကြသဖြင့် ဇူလိုင်လ (၂၉) ရက်နေ့  လွှတ်တော် အစည်းအဝေးတွင် ဥပဒေကော်မတီက ဥပဒေမူကြမ်းကို တင်နိုင်ခဲ့၏။

                        တိုင်းပြုပြည်ပြုလွတ်တော် တတိယအစည်းအဝေးကျင်းပသောအခါ စက်တင်ဘာ(၂၄) ရက်နေ့တွင် အခြေခံဥပဒေမူချောကို လွှတ်တော်မှ အများသဘောတူ တညီတညွတ်တည်း အတည်ပြုခဲ့ပါသည်။  ဆက်လက်၍  ဗြိတိသျှအစိုးရနှင့် အရေးဆိုညှိနှိုင်းပြီး ဇန်နဝါရီ (၄) ရက်နေ့ကို အာဏာလွှဲရန်နေ့အဖြစ် ရက်သတ်မှတ်နိုင်ခဲ့ပါသည်။

                         ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို ဤသို့  စနစ်တကျ ကမ္ဘာ့ဥပဒေ အစဉ်အလာအရ တည်ခဲ့ပါသည်။ မြန်မာနိုင်ငံသည် အမေရိကန်နိုင်ငံ လွတ်လပ်ပြီးနောက် ဗြိတိသျှအင်ပါယာ လက်အောက်မှ ပထမဆုံးတည်ထောင် ခဲ့သဖြင့် နောက်ပိုင်းတွင် နယ်ချဲ့ တို့ ၏လက်အောက်မှ လွတ်လာကြသော ထွန်းသစ်စ နိုင်ငံငယ်တို့ သည် မြန်မာနည်းကိုယူကာ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲများကျင်းပပြီး အခြေခံဥပဒေရေးသော အစဉ်အလာကို ကျင့်သုံးလေ့ရှိကြပါသည်။

                          ကမ္ဘာ့အလယ်တွင် စံနမူနာပြု ခံခဲ့ရပါသည်။ နိုင်ငံငယ်များကို ခေါင်းဆောင်နိုင်ခဲ့ပါသည်။ ယခု ထိုဂုဏ်သိက္ခာကို ဦးနေဝင်းက ဖျက်ဆီးခဲ့ပါသည်။ ယခုစစ်တပ်က ချွေးတပ်ဆွဲကိုယ်စားလှယ်များနှင့် ဥပဒေရေးနေသည်မှာ ကမ္ဘာ့အစဉ်အလာကို  ဖျက်သူများအဖြစ် မြန်မာတို့ ၏ မျက်နှာကို အိုးမဲသုတ်နေခြင်းသာ ဖြစ်ပါသည်။

                        ဦးနေဝင်းနှင့် သူ၏ခါးပိုက်ဆောင်စစ်တပ်သည် ၁၉၄၇ ခု အခြေခံဥပဒေက သူ့ အားအကျိုးပြုစဉ်က ယင်းဥပဒေကို ရှိခိုးကာ ကိုးကွယ်သူများဖြစ်ကြပါသည်။ စစ်ဝါဒီကြီး ဗိုလ်မှူးမောင်မောင် ရေးဆွဲထုတ်ပြန်သော ပုံနှိပ်သူများ မှတ်ပုံတင်ဥပဒေကို သစ္စာခံယူပါသည်ဟု ဝန်ခံကတိကို လတ်မှတ်ရေးထိုး ကြေညာရပါသည်။

                        အခြေခံဥပဒေအရ အိမ်စောင့်အစိုးရအဖြစ် အာဏာအပ်စဉ်က ၁၉၈၅ ခု အောက်တိုဘာလ (၃၁) ရက် နေ့ ပါလီမန်အစည်းအဝေးတွင် ဗိုလ်နေဝင်းက အောက်ပါအတိုင်း ဥပဒေသစ္စာကို ခံယူကြောင်း ပြောခဲ့ပါသည်။

                       “ ဖွဲ့ စည်းအုပ်ချုပ်ပုံ ဥပဒေနှင့် ဒီမိုကရေစီကို ပြည်ထောင်စုသားတယောက်အနေနှင့် လည်းကောင်း၊ စစ်သားတယောက်အနေနှင့် လည်းကောင်း ရောက်ရာအရပ်တွင် အသက်ပေးပြီး ကာကွယ်စောင့်ရှောက်ရန် တာဝန်ယူပါတယ် ”

                        လွှတ်တော်တွင် သစ္စာခံခဲ့သော ဗိုလ်နေဝင်းသည် နောက်သုံးနှစ်ကြာသောအခါ သူသစ္စာခံခဲ့သော ဥပဒေကြီးကို ဆွဲဆုတ်ဖျက်ဆီးလိုက်လေသည်။

                        ဗိုလ်နေဝင်းသည် သူပိုင် အခြေခံဥပဒေကြီးကို ရေးဆွဲပြီး ၁၉၄၇ ခု ဇန်နဝါရီလ (၃) ရက် နေ့တွင် အတည်ပြုခဲ့ပါသည်။ ၁၉၈၉ ခု စက်တင်ဘာ (၁၉) ရက်နေ့ တွင် န.ဝ.တ စစ်အစိုးရက ဖျက်သဖြင့် (၁၄) နှစ်နှင့် ပျက်ရပါ၏။

                       ဗိုလ်နေဝင်းပိုင် အခြေခံဥပဒေသည် ၁၉၈၈ ခုနှစ်တွင် ချုပ်ငြိမ်းခဲ့ရပါသည်။

                      ယခု ခင်ညွှန့် တို့  ကပေါက်တိကပေါက်ချာ ဆွဲခေါ်လာသော ကိုယ်စားလှယ်ဆိုသူများနှင့် ရေးနေသည်ဆိုသော ဥပဒေသည် တမွန်းတည့်ပင် ခံမည်မဟုတ်၊ ရှောမွေးကလေးလည်း ဖြစ်နိုင်ပါသည်။

                          ဥပဒေဟူသည်မှာ လူထုက ရွေးကောက်တင်မြှောက်ထားသူ ပြည်သူတို့ ၏ ကိုယ်စားလှယ် အစစ်အမှန် များသာ ရေးဆွဲပိုင်ခွင့်ရှိပါကြောင်း။       ။                                                              Ò

 

                  အစဉ်လေးစားရပါသော ကွယ်လွန်သွားတဲ့ ဆရာကြီး ကြေးမုံဦးသောင်း ၏  “ စစ်ဝါဒီများ တိုက်ပွဲ ” စာအုပ်ထဲမှ     “ အရက်တိုက်ပြီး ဥပဒေ ပြု လို့  မရနိုင် ” ခေါင်းစဉ်ဖြင့် ၁၉၉၃ ခု ဧပြီ (၁၆) ရက်နေ့  ဆောင်းပါးကို ပြန်လည်တင်ပြလိုက်ခြင်း ဖြစ်ပါသည်။  

                                                                                                                     (တာဝန်ခံအယ်ဒီတာ)    

Home |  Current News Letter |  Humour |  Poem  |  Onepage novel |  Thought  |  Impression  | Contact Us |   Top

Suggestions & Comments: linyaungchi