![]() |
||||||||||||||||||||||||||||||||||
|
သားစဉ်မြေးဆက် သဘောက်အဖြစ်နေကြရမည်လော ၁၉၉၆ ဇန်နဝါရီ-ဖေဖေါ်ဝါရီ (ကြေးမုံဦးသောင်း)
ညက စာအုပ်ကောင်းတအုပ်ကို ဖတ်မိရာမှ တညလုံး အိပ်ပျော်တော့ရုံမျှမက ဇောချွေးပြန်ကာ ကြောက်လန့်  တုန်လှုပ်နေမိပါသည်။ စာအုပ်မှာ ကမ္ဘာကျော် စာရေးဆရာ Ken Follet ၏ A Place Called Freedom အမည်ရှိဝတ္ထုဖြစ်၏။ “ လွပ်လပ်ရေး ဆိုတဲ့ တနေရာ ” ဟု ဘာသာပြန်သင့်၏။ ဇာတ်ကွက်မှာ ရှေးခေတ်က စကော့တလန်ပြည်၊ ကျေးရွာ လေးတခုရှိ ကျောက်မီးသွေးတွင်းတူးသော လုပ်ငန်းမှ အလုပ်သမားကလေးတဦး၏ ရုန်းကန်မှု ဇာတ်လမ်းဖြစ်၏။ ထိုခေတ်က ကျောက်မီးသွေးတွင်းတူးသောလုပ်ငန်းမှာ အန္တရာယ်ကြီးလှသည်။ ရေပိုက်များ၊ လျှပ်စစ်မီးနှင့် ဓာတ်ခဲမီးများ မပေါ်သေးသဖြင့် ဖယောင်းတိုင်များနှင့် တွင်းတူးကြရသည်။ မီးသွေးတွင်းတွင် ဓါတ်ငွေ့ များရှိသဖြင့် ဖယောင်းတိုင်းမီးကို ဓါတ်ငွေ့ ဟတ်ပါက မီးလောင်နိုင်သည်။ ရေးကြီးပါက ရေလျှံနိုင်သည်။ ပေါက်ကွဲနိုင်သည်။ အလုပ်သမားများ အစုလိုက်၊ အပြုံလိုက် သေရလေ့ရှိသည်။ ကြောက်မက်ဖွယ်ကောင်းသည်။ သက်စွန့် ဆံဖျားလုပ်ကိုင် ရသော လုပ်ငန်းဖြစ် သဖြင့် ကျောက်မီးသွေးတွင်းတူးအလုပ်ကို လုပ်ကိုင်လိုသူ နည်းပါးသည်။ လုပ်မိသူများကလည်း ခေတ္တခဏနှင့် အလုပ်မှ ပြန်ထွက်လေ့ရှိကြသည်။ ကျောက်မီးသွေးမှာလည်း အထူးအသုံးဝင်သော မရှိမဖြစ်လောင်စာဖြစ်သောကြောင့် ကျောက်မီးသွေးတွင်းတွင် ဝင်ရောက်လုပ်ကိုင်ပါက လုပ်သက် ၃၃၆ ရက်၊ တနှစ်နှင့် တလရှိသွားလျှင် အလုပ်မှ ထွက်ခွင့်မရှိ၊ မသေမချင်း တွင်းတူးအလုပ်သမားအဖြစ် အသက်မွေးရမည်။ ထို့ ပြင် အလုပ် သမား လင်နှင့်မယား အတူတကွ ကျောက်မီးသွေးတွင်း လုပ်ငန်းလုပ်ကိုင်ပါက သူတို့ ၏ သားသမီးပါ ကျောက်မီးသွေးတွင်းတူးအလုပ်သမားအဖြစ် လုပ်ကိုင်ရမည်ဟု ဥပဒေချမှတ်ခဲ့ကြသည်။ ထိုဥပဒေကို လက်နက်အဖြစ် အသုံးပြုကာ ကျောက်မီးသွေးတွင်း ပိုင်ရှင်တို့  တွင်းတူးအလုပ်သမားတို့ အား ကျေးပိုင် ကျွန်ပိုင်များအဖြစ် ဖိနှိပ်ညှဉ်းဆဲကြတော့သည်။ တွင်းတူးအလုပ်သမားတို့ အဖို့  လုပ်သက် (၃၆၆) ရက် ပြည့်သည်နှင့် တပြိုင်နက် မသေမချင်း တွင်းပိုင်ရှင်က ပိုင်သော အလုပ်သမားဖြစ်ကြရသည်။ လုပ်ခက နည်းပါးလွန်းသဖြင့် လင်ရောမယားပါ နှစ်ဦးစလုံး တွင်းတူးလုပ်ငန်းတွင် လုပ်ကိုင်ကြရလေ့ရှိရာ ထိုလင်မယားတို့ မှ မွေးဖွားသော သားသမီးတို့ မှာ အလိုအလျောက် တွင်းပိုင်ရှင်က မသေမချင်း ပိုင်ဆိုင်သော ကျွန်ကလေးများ ဖြစ်ကြရလေတော့သည်။ ဝတ္ထုမှာ ကျောက်မီးသွေးတွင်းပိသဖြင့် ကွယ်လွန်သွားရှာသော အလုပ်သမားလင်မယားမှ မွေးဖွားသည့် အမြွှာမောင်နှမ၏ ဇာတ်လမ်းဖြစ်၏။ သူတို့ မောင်နှမသည် အန္တရာကြီးမားပြီး ဆင်းရဲပင်ပန်းလှသော မိဘနှစ်ပါးလုံး အသက်ပေးခဲ့ရသည့် တွင်းတူးအလုပ်သမားဘဝမှ လွတ်မြောက်ရေးကို ရုန်းကန်တိုက်ပွဲဝင်ကြလေသော ဇာတ်လမ်းဖြစ်လေသည်။ သူတို့ အဖို့  တိုက်ပွဲမဝင်ပါက မိမိတို့  မလုပ်မကိုင်လိုသော လုပ်ငန်းကို ရာသက်ပန် လုပ်ကြရမည် ဖြစ်သဖြင့် မရမနေ တိုက်ကြသည်။ တွင်းပိုင်ရှင်ကလဲ ကျေးကျွန်မောင်နှမကို လက်လွတ်မခံလိုသဖြင့် ပြန်လည်တုံ့ ပြန်သည်။ တွင်းပိုင်ရှင်သည် အရင်းရှင်ဖြစ်သဖြင့် သဘာဝအတိုင်း အစိုးရက စစ်တပ်၊ ရဲတပ်တို့ ကိုသုံးကာ ကူညီသည်။ တိုက်ပွဲဝင်ခိုက်တွင် နှမငယ် သေရ သည်……စသည်တို့ ကို ဖွဲ့ ဆိုထားသော ဇာတ်လမ်းမှာ များစွာ အသက်ဝင်သည်။ ဝတ္ထုပြီးဆုံးသွားသောအခါ ယင်းကျောက်မီးသွေးတွင်းတူး လုပ်သားဥပဒေကို လေ့လာမိရာမှ ကြက်သီးမွှေးညှင်း ထလာပြီး ဇောချွေးများ ပြန်လာသည့်တိုင် ကြောက်ရွံ့ တုန်လှုပ်နေပါတော့သည်။ စဉ်းစားကြည့်ပါက တွင်းတူးလုပ်ငန်းက ဘေးရန်ထူပေါသဖြင့် သေရသော မိဘနှစ်ပါးကဲ့သို့  ဇာတ်လိုက်မောင်နှမတို့ မှာလည်း တွင်းတူးလုပ်ငန်း လုပ်ကိုင်ရင်း သေကြရမည်။ တဖန် သူတို့  အိမ်ထောင်ပြုကြမည် ဖြစ်လေရာ သူတို့ ၏ သားသမီး များလည်း တောင်သူ လယ်လုပ် တံငါလုပ်ငန်းများကို ပြောင်းလဲ အသက်မွေးခွင့်မရှိ၊ တွင်းတူးသောလုပ်ငန်းတွင်သာ လုပ်ကြရမည်။ ယင်းသားသမီးများ လည်း တွင်းတူးရင်း သေကြရမည်။ ထိုသားသမီးများမှ ပေါက်ဖွားလာသောကလေးများလည်း တွင်းပိုင်ရှင်၏ ကျေးကျွန်များအဖြစ် ကျွန်ခံကြရမည်၊ တွင်းတူးရမည်။ သားစဉ်မြေးဆက် ကျွန်လက်စမသတ် လွတ်ရက်မရှိသော ဥပဒေဖြစ်သည်ကို တွေ့ ရသဖြင့် သူတို့ ခံရသကဲ့သို့  ခံစားရင်း တုန်လှုပ်မိပါသည်။ သဘောက်ဟူသော မြန်မာဝေါဟာရ ရှိပါသည်။ “ ကျွန်အောက်သဘောက် ” ဟု ဆိုရိုးစကားရှိပါ၏။ ကျွန်ဟူသည်မှာ အကြောင်းတခုခုကြောင့် ကျွန်ဖြစ်နိုင်ပါသည်။ ကျွန်တယောက်သည် ကိုယ်နေကြေးပေးတားကာ ရွေးနုတ်ပြီးလွတ်မြောက်နိုင်ပါသည်။ ကျွန်ခံခိုက်တွင် ပေါက်ဖွားလာသော ကလေးများမှာ သဘောက်ဖြစ်ပါသည်။ ကျွန်ပိုင်ရှင်ထံမှာ တသက်လုံး ကျွန်ခံကြရမည်။ လွတ်ရက်မရှိရုံမျှမက သူတို့ မှ ပေါက်ဖွားလာသောကလေးများ ထိုမှတဆင့် ပေါက်ဖွားသောကလေးများ စသည်ဖြင့် အဆင့်ဆင့် အဆက်ဆက် ကျွန်များသာ ဖြစ်ကြရလေတော့မည်။ တွေးလေ တွေးလေ ရင်မော ရပါသည်။ ကမ္ဘာဦးကာလက လူသားတို့ သည် အစုအအုပ်ဖွဲ့ ကာ နေထိုင်စကာလက ကျွန်စနစ်ပေါ်ခဲ့ပါသည်။ ထိုကာလက အုပ်စု တစုနှင့် တစု ရေကြည်မြက်နု လုယက်ကြရာမှ စစ်တိုက်လေ့ရှိပါသည်။ တိုက်ပွဲတို့ တွင် ဖမ်းမိသူတို့ ကို ကျွန်ပြုလေ့ရှိကြပါ၏။ နောက်ပိုင်းတွင် စီးပွားရေး ငွေကြေး ပေါ်လာသောအခါ ငွေဝယ်ကျွန်များ ပေါ်လာပါသည်။ ရာဇဝတ်မှုကျူးလွန်သဖြင့် ကျွန်ခံရန် စီရင်ချက်ချခြင်း၊ ကိုယ်နေကြေးလောင်းကစားကာ ကျွန်ဖြစ်ရခြင်း စသည်ဖြင့် ကျွန်အမျိုးမျိုး ပေါ်ပေါက်ခဲ့၏။ ပိဋကတ်တော်တွင် (၁) အိမ်ပေါက်ကျွန် (၂) ငွေဝယ်ကျွန် (၃) ကိုယ်တိုင် ကျွန်ခံသောကျွန်နှင့် (၄) သုံ့ ရကျွန် ဟူ၍ ကျွန်လေးမျိုးရှိကြောင်း ဖတ်ရှုရ၏။ မနုကျယ် ဓမ္မသတ်တွင် “ အစဉ်ကျွန်ရိုး၊ သားပေါက်၊ မြေးလတ်၊ အောက်ကလက်၊ ကျွန်ဆက်၊ ကျွန်ပင်၊ ကျွန်စဉ် ဟူ၍ ကျွန် (၇) မျိုးကို ပြဆိုခဲ့၏။ အချို့ သော ဓမ္မသတ်တို့ တွင် ကျွန်မျိုး (၆၇) မျိုး သတ်မှတ်ပါသည်။ သင်္ဂလောဝါဒသုတ်တွင် ကျွန်တို့  ကျင့်ဝတ်ငါးပါးတို့ မှာ သခင်၏ ပြုဖွယ်ကိစ္စများပြီးမှ နောက်ကျကာ အိပ်ရခြင်း၊ သခင်ထက်စောစွာ အိပ်ယာမှ ထရခြင်း၊ ပေးမှယူရခြင်း၊ ကြိုးစားကာ သခင်အလုပ်ကို လုပ်ရခြင်းနှင့် သခင်ကျေးဇူးကို အမှတ်ရကာ ချီးကျူးကျေးဇူးတင်ရခြင်း ဖြစ်သည်ဟု ဖော်ပြထားပါ၏။ ရှေးခေတ်ကရှိခဲ့သော ကျေးကျွန်စနစ်ကို တိုးတက်သောခေတ်တွင် လက်မခံပါ။ အမေရိကန်တွင် သမ္မတ လင်ကွန်းက ၁၈၆၃ ခုနှစ်တွင် ကျွန်စနစ်ပယ်ဖျက်ရေး ကြေငြာစာတမ်းဖြင့် တိုက်ဖျက်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် သီပေါဘုရင်က ငွေဝယ်ကျွန် (၁၅၀၀) တို့ ၏ ကိုယ်နေကြေးများကို ငွေစိုက်ထုတ်လှူဒါန်းကာ ကျွန်လွှတ်ပွဲကျင်းပခဲ့သည်။ အင်္ဂလိပ်အစိုးရခေတ်က ကျွန်ပိုင်စနစ်တည်ရှိနေသော ဟူးကောင်းတောင်ကြားမှ ကျွန်များ လွတ်မြောက်ရေးအတွက် ဘုရင်ခံ ဆာဟားကုတ်ဝတ္တလာနှင့် ဆာချားလ်အင်းနစ်တို့ က ဆောင်ရွက်ခဲ့သည်။ ၁၉၂၇ ခုမှ ၂၉ ခုနှစ်အတွင်း ငွေကျပ် (၅) သိန်းကျော် ပေးကာ ကျွန် (၉၀၀၀) ခန့် ကို လွတ်မြောက်စေခဲ့သည်ဟု မှတ်တမ်းရှိပါသည်။ မည်သည့်အသွင်နှင့်မှ ကျွန်စန်စ မရှိစေရ ဟု ကုလသမဂ္ဂလူ့ အခွင့်အရေး ကြေငြာစာတမ်းကြီးဖြင့် ယနေ့ ကမ္ဘာက တားဆီးထားလေပြီ။ ယင်းသို့  တားဆီးထားသော ကျွန်စနစ်၏ ခေတ်ဟောင်းဝတ္ထုကို ဖတ်ရှုရာမှ ၁၆၀၀ ခုနှစ်လောက်က စကော့တလန်ပြည်၊ ရွာကလေးတစုတွင် ရွာသား (၅၀၀) ခန့် တို့  ကျောက်မီးသွေးပိုင်ရှင်၏ ကျွန်အဖြစ် သားစဉ်မြေးဆက် ခံရပုံကို ကြောက်လန့် မိ၍ ယနေ့ မြန်မာလူထု (၄၄) သန်းကျော်တို့ ၏ ဘဝနှင့် နှိုင်းယှဉ်မိသည်၊ ပိုမိုကြောက်လန့် သွား၏။ ရွာသား (၅၀၀) ကို တွင်းရှင်၊ ကျွန်ရှင် တဦးက သားစဉ်မြေးဆက် ကျွန်ပိုင်ပြုရန် အားထုတ်သကဲ့သို့  စစ်ဗိုလ်တစုက လူ (၄၄) သန်းကို သားမြေး တီတွတ်အထိ ကျွန်ပြုရန် အားထုတ်နေသည်ကို တွေ့ ရသည်။ မြန်မာလူထုသည် မိမိတို့ ၏ ကံကြမ္မာကို မိမိတို့ ဘာသာ ဖန်တီးကြရန် ပါလီမန် ဒီမိုကရေစီနစ်ကို တည်ဆောက်ခိုက် ဗိုလ်နေဝင်းတို့  လက်နက်ကိုင်တစုက အာဏာလုယူသည်။ ထို့ နောက် ၁၉၈၈ ခုနှစ်တွင် လူထုကို သတ်ဖြတ်ကာ ထပ်ဆင့်အာဏာလုသည်။ ရရှိပြီးအာဏာကို ဆက်ယူ ရန်၊ စစ်ဗိုလ်တမတ်သားပါလီမန်ကို တည်ရန် သေနတ်ဖြင့် အားထုတ်နေကြပြန်လေပြီ။ ယနေ့ မြန်မာ (၄၄) သန်းသည် လွန်ခဲ့သော နှစ်ပေါင်း သုံးလေး ရာက ကျောက်မီးသွေး လုပ်သား (၅၀၀) နှင့် ဘဝတူ သားမြေးဆက် ကျွန်ဖြစ်ကြရလေတော့မည်။ ကြောက်မက်ဖွယ် ကောင်းလေစွ။ လူထုကြီးမှာ ငတ်မွတ်နေကြသဖြင့် ပြန်တိုက်ခိုက်ရန် များစွာ ခက်ခဲနေကြပါသည်။ လက်နက်မဲ့ လူထုကြီးက သူတို့ သားသမီးများဖြစ်သော တပ်မတော်ကိုသာ အားကိုးကြရပါသည်။ တပ်မတော်ထဲတွင် လူကောင်းသူကောင်း အများရှိပါသည်။ အမှန်ကို လိုလားသော တပ်မတော်သားတို့ က သားစဉ်မြေးဆက် မတရား ကျွန်ပြုရန် အားထုတ်နေကြသည့် စစ်ဓားပြများကို ဖယ်ရှားပေးပါရန် အားထုတ်နေကြသည့် စစ်ဓားပြများကို ဖယ်ရှားပေးပါရန် မိဘပြည်သူအပေါင်းက မျှော်ကိုးနေကြပါကြောင်း။ မတရား စစ်ဗိုလ်များကို ဖယ်ရှားပေးကြပါ။ သို့ မဟုတ် လူထုက တော်လှန်ချိန် လူထုဘက်မှ ရပ်တည်ကြပါဟု မိဘပြည်သူအပေါင်းက ပန်ကြားနေပါကြောင်း။ Ò ဆရာကြီး ကြေးမုံဦးသောင်း၏ ဆောင်းပါးကို လင်းရောင်ခြည် မှ ပြန်လည်ဖော်ပြသည်။ တာဝန်ခံအယ်ဒီတာ
|
|||||||||||||||||||||||||||||||||
|
Home | Current News | Letter | Humour | Poem | Onepage novel | Thought | Impression | Contact Us | Top |
||||||||||||||||||||||||||||||||||
|
Suggestions & Comments: linyaungchi |
||||||||||||||||||||||||||||||||||