မူလစာမျက်နှာ
မြန်မာသတင်း

ကမ္ဘာသတင်း

ဆောင်းပါး

အတွေး ကဏ္ဍ

စွဲမှတ်ဖွယ်ရာ
ပဲ့တင်သံ
တမျက်နှာဝတ္ထုတို
ပေးစာပြန်စာ
ကဗျာ
ရွှင်ပြုံးဖွယ်
ဗေဒင်နှင့်ကံကြမ္မာ
ကာတွန်း

ဖျော်ဖြေရေး

ရွှေ စာမျက်နှာများ

ရွှေ ဘလော့ဂ်များ

 
 

 

 

 
 

ဆက်သွယ်ရန်

lin.yaungchi@yahoo.com

 
 
 
 

မြင်းခြံထောင်မှ နှစ်ပွင့်ဆိုင် ဆွေးနွေးပွဲ

 

              ၁၉၉၇ ခုနှစ် စက်တင်ဘာလထဲတွင် အင်းစိန်ထောင်မှ မြင်းခြံထောင်သို့ ပြောင်းပို့ခြင်းခံရသည်။ မြင်းခြံထောင်၏ တိုက်ခန်းများ ထဲတွင် နေကြရသည်။ ကျွန်တော်နှင့်အတူ အကျဉ်းသား ၂ ယောက်သည် တခန်းလျှင် တယောက်ကျ နေရပါသည်။ ရိုက်နှက် ပုံစံပေးခြင်းခံရပြီး တနေ့လျှင် ၁၅ မီးနစ်မျှ ရေချိုးဆင်းချိန်မှအပ ၁၅ ပေ ၈ ပေ အခန်းထဲတွင်ပင် နေကြရပါသည်။ ရေချိုးလျှင်လည်း လ္ဘက်ရည်ပန်းကန်သာသာ ခွက်ဖြင့် ၁၀ ခွက် ၁၂ ခွက် မျှ ချိုးရသည်။ ရေချိုးရန် ရေကန်ကိုသွားတဲ့အခါမှာ ဘေးဘယ်ညာ မကြည့်ရပဲ ပုံစံအနေအထား ခေါင်းငုံပြီး သွားရပြီး ထမင်းလည်း အဝမကြွေးပဲ အလွန်ညှင်းပန်းနှိပ်စက်နေသည့် ကာလပင် ဖြစ်ပါသည်။

              တလလျှင် တကြိမ်၊ နှစ်ကြိမ်လောက် အခန်းပြောင်းရွှေ့ ပြီးနေကြရစဉ်၊ ကျွန်တော်က တိုက်ခန်းအမှတ် (၂) ကို ရောက်ခဲ့ပါသည်။ တိုက်ခန်းအားလုံး လျှပ်စစ်မီးလုံးဝ မရှိပါ။ ညဘက်မှာ သံတိုင်တံခါးမကြီးမှ လရောင်၊ ကြည်ရောင်ကိုသာ အားထားနေကြရပါသည်။ မှတ်မှတ်ရရ ၁၉၉၇ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက် တိုက်ခန်းအမှတ် (၂) အတွင်း မုန်ဝါးဝါး လရောင် အောက်တွင် ကျွန်တော်တယောက်တည်း နှီးကြမ်းဖျာလေးပေါ်တွင် အိပ်ရန်ပက်လက် အနေအထားလဲလျောင်းနေပါသည်။

             ည ၁၀ နာရီ သံချောင်းခေါက်သံကြားရပါသည်။ ကျွန်တော် အိပ်ငိုက်လာစဉ်… ကျွန်တော့် ခြေရင်းဘက်မှ လူတယောက် ညည်းညူ သံကို ပြတ်သားစွာ ကြားလိုက်ရပါသည်။ ကျွန်တော်လည်း ခေါင်းနဘန်းကြီး သွားပါသည်။ ညီးသံက ပြတ်သားသထက် ပြတ်သားလာပါသည်။ ကျွန်တောလည်း ခို တကောင် ညည်းသံများ ဖြစ်မလားဆိုပြီး အသံလာရာဘက်ကို ကြောက်ကြောက်နှင့်ပင် ထသွားလိုက်ပါသည်။ အခန်း ထောင့် ဂံဖလားထားတဲ့နေရာကို ရောက်တော့ ညည်းသံကြီး ပျောက်သွားပါသည်။ ခို ညည်းသံနှင့် လူ ညည်းသံမှာလည်း ကွာခြား ပါသည်။ ပြီးတော့ အခုအသံက ကျွန်တော့်အနားကပ်ပြီး ညီးနေသည့် အသံဖြစ်ပါသည်။

          ကျွန်တော်လည်း ကြောက်ကြောက်နှင့် ပြန်ပြီး အိပ်လိုက်ပါသည်။ ရသမျှ ဂါထာ၊ မန္တန်တွေကို ကြောက်ကြောက်နှင့် ရွတ်ဖတ်နေပါသည်။ ချွေးလည်းပြန်နေပါသည်။ မကြာမီ ကျွန်တော့်အနားကို ကပ်ပြီး ညည်းသံပေါ်လာပြန်ပါသည်။ ကျွန်တော်၏ အကြောက်တရားသည် အလွန်မြင့်တက်လာသည်။ တာဝန်ကျ ဝန်ထမ်းကို အော်ခေါ်ရမလားလို့ တွေးလိုက်သည်။ ကြောက်ခြင်းရဲ့ အဆုံး၌ ဆုံးဖြတ်ချက် တခု ကျလိုက်သည်။ ညည်းသံပေးနေသူနှင့် တရားဝင် (table talk) ၂ ပွင့်ဆိုင် ဆွေးနွေးရန် ဖြစ်သည်။

                  ဆွေးနွေးပွဲ စားပွဲဝိုင်းသို့ အထူးဖိတ်ခေါ်ရန်မလိုပါ။ ကျွန်တော်ကပင် စတင်ဆွေးနွေးလိုက်သည်။         

               “ မင်းဘယ်သူလဲ ငါမသိဘူး။ ဒါပေမယ့် မကျွတ်မလွတ်သေးတဲ့ ငါလို စစ်အစိုးရရဲ့ အကျဉ်းသား တယောက်တော့ ဖြစ်မှာပေါ့။ ”

               ညည်းသံကြီးပျောက်သွားသည်၊ ဆွေးနွေးပွဲ ဖြစ်နေသည့် အလားအလာရှိသည်ဟု ယူဆမိပါသည်။ ကျွန်တော်ကပင် ဆက်၍ ဆွေးနွေးနေပါသည်။

               “ မင်းရဲ့ ညီးညူသံဟာ ငါ့ကို ခြောက်လှန့်နေတာလား၊ မိတ်ဆွေဖွဲ့နေတာလားဆိုတာလည်း ငါမသိဘူး။ ဒါပေမယ့် မင်းအသံကို ကြားနေရတဲ့ ငါ့အတွက်တော့ လုံးဝမကောင်းဘူး။ မင်းက ခြောက်လှန့်နေတယ်ဆိုရင်လည်း ငါက ကြောက်ပြီး ဘယ်ကိုထွက်ပြေးလို့ ရမလဲ။ ဒို့တွေက သံတိုင်ပိတ် အခန်းထဲက ဘဝတူ အကျဉ်းသားတွေလေ။ ငါ အိပ်ချင်နေပြီကွာ၊ အနှောက်အယှက် မပေးပါနဲ့။ မင်းကို ငါပေးနိုင်တာကတော့ မင်းတယောက် အကျဉ်းသားဘဝကရော မကျွတ်မလွတ်တဲ့ ဘဝကပါ လွတ်မြောက်ပါစေဆိုတဲ့ ဆုတောင်းနဲ့ မေတ္တာပို့ ပေးလိုက်တာပါပဲ။ မင်းလွတ်မြောက်ပါစေ……… ”

                      ထောင်တွင်းနှစ်ပွင့်ဆိုင် ဆွေးနွေးပွဲ အောင်မြင်သွားပါပြီ။ အဲဒီနေ့က စပြီး ညည်းသံကြီး ပျောက်သွားပါသည်။ ကျွန်တော်လည်း ကြက်သီးထခြင်း၊ ကြောက်ခြင်းများ မရှိဘဲ ကောင်းမွန်စွာ အိပ်စက်ရပါတော့သည်။

                                             ဆွေးနွေးပွဲဆိုတာ ဘဝတူခြင်းမှ အောင်မြင်ကြောင်း သဘောပေါက်မိပါသည်။

 

                                                                                                                           အကျဉ်သား အမှတ် (၆၈၆)

   

**ယခင်ဝတ္ထုတိုများသို့**

Home |  Current News Letter |  Humour |  Poem  |  Onepage novel |  Thought  |  Impression  | Contact Us |   Top

Suggestions & Comments: linyaungchi