မူလစာမျက်နှာ
မြန်မာသတင်း

ကမ္ဘာသတင်း

ဘာသာရေး

ဆောင်းပါး

အတွေး ကဏ္ဍ

စွဲမှတ်ဖွယ်ရာ
ပဲ့တင်သံ
တမျက်နှာဝတ္ထုတို
ပေးစာပြန်စာ
ကဗျာ
ရွှင်ပြုံးဖွယ်
ဗေဒင်နှင့်ကံကြမ္မာ
ကာတွန်း

ဖျော်ဖြေရေး

ရွှေ စာမျက်နှာများ

ရွှေ ဘလော့ဂ်များ

 
 

 

 

 
 

ဆက်သွယ်ရန်

lin.yaungchi@yahoo.com

 
 
 
 

             “ တရားကိုသိမှ ဘုရားကို သိမည် ”

  

 “ တရားကိုသိမှ ဘုရားကို သိမည်တဲ့ ” ရဟန္တာကိုယ်တော်မြတ်ကြီးများ၊ ဆရာကောင်း ဆရာမြတ်ကြီးများက ဟောကြားတော် မူခဲ့သည်ကို နာကြားခဲ့ရဘူးပါသည်။ ဤမိန့်ဆိုချက်သည် အလွန်လေးနက်လွန်းလှပါသည်။ ကျွန်တော်တို့လို သာမန်ပုထုစဉ်တွေအဖို့ နားလည်ရန်လည်း ခက်ခဲလှပါသည်။ သို့သော် ဆရာမြတ်ကြီးတို့၏ မိန့်ဆိုချက်သည် ထာဝရ အမှန်တရားဖြစ်၍ နားလည်အောင်ကြိုးစားကြရမည်မှာ ကျွန်တော်တို့၏ တာဝန်သာ ဖြစ်ပါသည်။

        ဗုဒ္ဓဘာသာဝင်များသည် ဘုရားကို ကိုးကွယ်ကြပါသည်။ မိရိုးဖလာ ကိုးကွယ်မှုနဲ့ပင် စကြရပါသည်။ ဘဒ္ဒကမ္ဘာမှာ ဘုရားငါးဆူ ပွင့်ပါမည်။ ယခု လေးဆူမြောက် ဂေါတမမြတ်စွာဘုရား၏ သာသနာထဲသို့ ရောက်ရှိနေပါသည်။ ထိုဘုရားရှင်ကို ရည်ရွယ်ပြီး ဆည်းကပ်ကိုးကွယ်နေကြပါသည်ဟု အခြေခံအားဖြင့်တော့ လက်ခံနေကြပါသည်။ သို့ပေမင့် မိမိတို့ ကိုးကွယ်ဆည်းကပ်နေသည့် ဗုဒ္ဓဘုရားအပေါ်တွင် ပုထုစဉ်တို့ အနေဖြင့် သိနားလည် ကြည်ညိုစိတ် အမျိုးမျိုးကွဲပြား နိုင်ကြပါသည်။ မြတ်ဗုဒ္ဓ၏ အပေါ်တွင် လေးနက်သူများရော မလေးနက်သူများပါ အထူးသဖြင့် လောကဓာတ်အတန်းပညာအဆင့် ပေါက်မြောက်သူများ (အားလုံးမဟုတ်ပါ) က လည်း  ဗုဒ္ဓသည် လူ့ယဉ်ကျေးမှုတခုကို ဖန်တည်းနိုင်သူ၊ မျိုးစေ့ချပေးနိုင်ခဲ့သူ ဟူ၍လည်းကောင်း၊ သူ့ခေတ်နှင့်သူ့အခါက ပေါ်ထွန်းခဲ့ဖူးသော ဒဿန ပညာရှင်ကြီး၊ စိတ္တဗေဒ ပညာရှင်ကြီးအဖြစ်လည်းကောင်း အကဲဖြတ် သတ်မှတ်မှုများပင် ရှိနေပါသည်။ အချို့ က လည်း သူ့ခေတ်နှင့် သူ့အခါက အယူဝါဒတခုကို တည်ထောင်ဖြန့်ဖြူးနေကြသော မဟာဝီရ (နိဂဏ္ဍနာဋ္ဋပုတ္တ)၊ စာရဝက ဂိုဏ်းဆရာ “ အဇိတကေသ ကမ္ဗလ ” စသော ပုဂ္ဂိုလ်များနှင့် တတန်းတည်း သတ်မှတ်သော သူများလည်းရှိနိုင်ပါသည်။ အထူးသဖြင့် ခေတ်ပညာတတ်ဆိုသူများထဲတွင် မြတ်ဗုဒ္ဓကို အခြားသော ဘာသာများ ထူထောင်ခဲ့ကြသည့် ပုဂ္ဂိုလ်ကြီးများကဲ့သို့ သူ့ခေတ် သူ့အခါ သူ့နေရာတွင် ပေါ်ပေါက်ခဲ့သည့် ပုဂ္ဂိုလ်ထူးကြီးတဦးအဖြစ် လောက်သာ မှတ်ချက်ချ နေသူတွေလည်း အများအပြားရှိပါသည်။ ဗုဒ္ဓဘာသာဝင်အများစုကြီးကတော့ တရားကိုသိ၍ ဘုရားကိုသိသည် မဟုတ်သော်လည်း မိမိတို့ကိုးကွယ်ဆည်းကပ်နေသော သံဃာတော်များ၊ လူကြီးမိဘများ၏ ဆုံးမစကားတို့ကို ယုံကြည်သဖြင့် မြတ်ဗုဒ္ဓသည် အတုလံ အတုမရှိသော၊ အနှိုင်းမရှိသော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်ကြီးဟုပင် ယုံကြည် ကိုယ်းကွယ်နေကြပါသည်။ ထိုသို့ ယုံကြည်ခြင်းသည်လည်း တရားသိ၊ ဥာဏ်သိမဟုတ်လင့်ကစား အမှန် သိလို့ ပြောလို့ရပါသည်။ သို့သော် ခိုင်မာအောင် ကြိုးစားအားထုတ်ရန် လိုအပ်နေပါသေးသည်။

                    ဝိဇ္ဇာစရဏ သန္ပန္နဟူသော မြတ်ဗုဒ္ဓ၏ တတိယမြောက် ဂုဏ်တော်သည် အသိတရားနှင့်တကွ အကျင့်တရားပါ ပြီးပြည့်စုံတော်မူသော မြတ်စွာဘုရားဟု ဆိုသဖြင့် ထိုမြတ်စွာဘုရားကို သိသောသူ၊ မြတ်စွာဘုရား၏ တန်ခိုးတော် ဥာဏ်တော်တို့ကို သိသောသူများသည် မြတ်စွာဘုရားကပေးသော သာသနာမှလက်ဆင့်ကမ်း၍ ရရှိသော အသိတရားနှင့် အကျင့်တရားတို့ကို ပေါက်မြောက်အောင်မြင်အောင် ကျင့်ကြံပြီးသူ အရိယာကြီးများသာ ဖြစ်ပါသည်။ ၎င်းအရိယာကြီးများသော်မှ ပြည့်စုံစွာတော့ မသိနိုင်ကြပါ။ သာမန်ပုထုစဉ်တို့အနေဖြင့် မြတ်စွာဘုရား၏ အကြောင်း ကိစ္စများကို သိရှိရန် လွန်စွာမှခက်ခဲ၍ မဖြစ်နိုင်ဟု အရိယာကြီးများ၏ ဆုံးမစကားကို မှတ်သားဘူးခဲ့ပါသည်။ မြတ်ဗုဒ္ဓ၏ ဖြည့်ဆည်းခဲ့ရသော ပါရမီများ၊ လေးသင်္ချေနှင့် ကမ္ဘာတသိန်းမျှပေးဆပ်ခဲ့ရပုံများ၊ လူသာမန်တို့ မစွမ်းနိုင်သော ပါရမီဖြည့်ဆည်းမှုများကို ဗုဒ္ဓလောင်းလျှာက ဘဝပေါင်းများစွာ ဖြည့်ဆည်းနိုင်ခဲ့ပုံများ၊ ဤပါရမီကုသိုလ် အဟုန်တို့ကြောင့် မြတ်ဗုဒ္ဓဘဝင်တွင် သုံးဆယ့်တဘုံ၌ အနှိုင်းမရှိသော ဂုဏ်တော်၊ ကံတော်၊ တန်ခိုးတော်၊ ဥာဏ်တော်တို့ဖြင့် ပြည့်စုံရသည်ဖြစ်ကြောင်းတို့ကို စာပေကျမ်းဂန်များထဲတွင် ဖတ်ရှုကြည်ညိုကြရသော ပုထုစဉ်များအဖို့မှာလည်း သညာသိဖြင့်သာ ယုံကြည်ရသည်မှို့ မလေးနက်ပါ။ အပေါ်ယံသိမြင် နားလည် ယုံကြည်မှု လောက်သာ ဖြစ်ပါသည်။ သို့သော် ဤကဲ့သို့ ယုံကြည်မှုကိုပင် ကြိုဆိုထိုက်ပါသည်။

               မြတ်စွာဘုရားတဆူ၏ ဂုဏ်တော်ကို အခြားသော ဘုရားတဆူက (ခေတ်ပြိုင်မဟုတ်) ကြည်ညိုပူဇော်လျှင် အာယုကပ်သာ ဆုံးသွားမည် မြတ်စွာဘုရား၏ ဂုဏ်တော်ကား မဆုံးနိုင်ပါ။ ထို့ကြောင့် မြတ်စွာဘုရား၏ ဂုဏ်တော်ကို မြတ်စွာဘုရားမှလွဲ၍ တခြားသော ပုဂ္ဂိုလ်တို့ မသိစွမ်းနိုင်ပါဟု ဆရာမြတ်တပါး၏ ဟောကြားဆုံးမ သံကို နာယူမှတ်သား ခဲ့ဖူးပါသည်။ ထို့ကြောင့် သညာသိလောက်ဖြင့်ပင်လျှင် မြတ်စွာဘုရားအား ကြည်ညိုလို့ မဆုံးနိုင်တော့ပါ။ ငယ်စဉ်အခါက ဦးလေးဘုန်းကြီးတပါး၏ ဟောပြောချက်တခုကိုလည်း အမှတ်ရနေပါသေးသည်။ ငါတို့မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးကို လက်ဝဲတော်ရံ တပည့်သာဝကကြီးဖြစ်တဲ့ အရှင်မောဂ္ဂလာန် မထေရ်မြတ်ကြီးက ဤသို့စိတ်ကူးတခုဖြစ်ပေါ်ဖူးသည်။ စင်္ကြာဝဠာ အနန္တရှိတယ်။ တခုသော စင်္ကြာဝဠာက ကမ္ဘာတခုမှာ ငါတို့ဘုရားရှင်ကဲ့သို့ ဘုရားတပါး ရှိများရှိနေဦးမှာလားဟူ၍ ဖြစ်ပါသည်။ ထိုကဲ့သို့ အရှင်မောဂ္ဂလာန်၏ အကြံအစည် ဖြစ်မှုကို ဘုရားရှင်ကိုယ်တော်မြတ်ကြီးက သိတော်မူသဖြင့် ဒီအတိုင်းထားလိုက်လျှင် သားတော်ကြီး ရှင်မောဂ္ဂလာန်၌ သံသယ အမှားကပ်ငြိနေလိမ့်မည်။ ဤသို့မဖြစ်ကောင်းဟု အကြံတော်ရှိကာ အရှင်မောဂ္ဂလာန်အား ခေါ်တော်မူ၍ ချစ်သားမောဂ္ဂလာန် မုန့်ညင်းစိ သပိတ်တလုံးမျှ ယူဆောင်ခဲ့ဟု အမိန့်တော်ရှိသည်။ ရှင်မောဂ္ဂလာန်ကလည်း မြတ်ဗုဒ္ဓ၏ အမိန့်တော်အတိုင်း ယူဆောင်ခဲ့ပြီးသော် မြတ်ဗုဒ္ဓက ချစ်သားမောဂ္ဂလာန် ချစ်သား၏ တန်ခိုးဖြင့် စင်္ကြာဝဠာတခုလျှင် မုန့်ညင်းစိတစိမျှ ချခဲ့ပြီး အမြန်ပြန်လာခဲ့စေဟု စေခိုင်းတော်မူ၏။ အရှင်မောဂ္ဂလာန်ကလည်း မြတ်စွာဘုရားခိုင်းတော်မူသည့်အတိုင်း ဆောင်ရွက်ပြီးလျှင် အလျှင်အမြန်ပင် တန်ခိုးဖြင့် (တခဏမျှသာ ကြာပါသည်) ပြန်လည်၍ မြတ်ဗုဒ္ဓအပါးသို့ ရောက်ရှိတော်မူခဲ့ပါသည်။ မြတ်စွာဘုရားသည် ရှင်မောဂ္ဂလာန်ကို ဘာမျှ မမိန့်တော့ပဲ ဆိတ်ဆိတ်နေတော်မူသည်။ ထိုအခါ ရှင်မောဂ္ဂလာန် ကိုယ်တော်မြတ်သည် ဤသို့ တွေးတောအကြံ အစည်ဖြစ်၏။ မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးသည် ငါ့အားအကြောင်းမဲ့ မခိုင်းစေရာဟု ဆင်ခြင်မိသော် ငါ့သည်ယခု စင်္ကြာဝဠာပေါင်းများစွာကို ရောက်ခဲ့ပြီးပြီ ငါတို့၏ အဖဘုရားသခင် ကိုယ်တော်မြတ်ကြီးကဲ့သို့ ဘုရားတဆူကို မည်သည့်စင်္ကြာဝဠာမှာမှ မည်သည့်ကမ္ဘာမှာမှ မတွေ့ခဲ့ဖူးဖြစ်သည်။ အော် ငါ၏ အခြားကမ္ဘာတခုခုတွင် ဘုရားတဆူဆူတော့ ရှိကောင်း ရှိနိုင်မလားဆိုသော သံသယအမှားကို အမှန်အတိုင်း သိစေခြင်းအကျိုးငှာ မြတ်ဘုရားက ခိုင်းစေခြင်းဖြစ်သည်ဟု ဆင်ခြင်မိတော့သည်။ ထိုအခါ ရှင်မောဂ္ဂလာန်က တပည့်တော် အမှန်တိုင်းမြင်ပါပြီ ဘုရားဟု လျှောက်ထား၍ ရိုသေစွာ ရှိခိုးလိုက်ပါသည်။ မြတ်စွာဘုရားကိုယ်တော်မြတ်တို့မည်သည် အပြိုင်မရှိ၊ အတုမရှိပါ။ သူ့ခေတ် သူ့သာသနာမှာ တပါးတည်းသာ ပွင့်တော်မူသည်လို့ သိလိုက်ရပါတော့သည်။ အသိတန်ဖိုး ကြီးလေစွဟု ခံယူမိပါတော့သည်။ ကလျှာဏ မိတ်အပေါင်းကိုလည်း စေတနာရှေ့ ထားပြီး တင်ပြခြင်း ဖြစ်ပါသည်။

                သညာသုတအရ အသိဖြင့် မြတ်ဗုဒ္ဓကို သိခြင်းထက် အကျင့်တရားအရ ပညာသိ သိမှသာ အသိစစ် အသိမှန်ဟု နားလည်မိပါသည်။ ထို့ကြောင့် မြတ်ဗုဒ္ဓကို သိရန် တရားကို ဦးစွာသိရန် လိုအပ်ပါသည်။ တရားကို သိရန်မှာလည်း စာပေ ကျမ်းဂန် တတ်မြောက်ခြင်း၊ အကြား ဗဟုသုတရှိခြင်းလောက်နှင့်တရားကို သိနိုင်မည် မဟုတ်ပါ။ မြတ်ဗုဒ္ဓသာသနာတော်သည် လက်ဆင့်ကမ်းသာသနာဖြစ်သည်ဟု ဗုဒ္ဓဘာသာဝင်တိုင်း သိကြပါသည်။ ထိုသို့ လက်ဆင့်ကမ်းရာတွင် ပရိယတ် သက်သက် လက်ဆင့်ကမ်းနေခြင်းကို သာသာနာဟု ခေါ်လျှင် မပြည့်စုံပါ၊ မလုံလောက်ပါ။ မမှန်ကန်ပါ။ အသိနှင့် တကွ အကျင့်တည်းဟူသော ပရိယပ်ရော ပရိပတ်ပါ လက်ဆင့်ကမ်းမှ သာသနာဟု ခေါ်ဆိုထိုက်ပါသည်။ စာပေပရိယတ္တိ မပြည့်စုံသော်လည်း ဆရာကောင်း ဆရာမြတ်ထံမှာ မှန်ကန်သော အသိကို ခံယူပြီး မှန်ကန်သော အကျင့်ကို ကျင့်သုံးအောင်မြင်အောင် လုပ်သော အလုပ်စဉ်သည်သာလျှင် စစ်မှန်သော သာသနာဟု ခံယူရပါမည်။ သို့မှသာ သနာလက်ဆင့်ကမ်းခြင်းဟူသော အဓိပ္ပါယ်မှာ ပြည့်စုံပါလိမ့်မည်။ ထို့ကြောင့် တရားလိုချင်သော ဗုဒ္ဓဘာသာစစ်စစ် ဖြစ်လိုသူများအဖို့ သာသနာကို လက်ဆင့်ကမ်းနှိုင်သော အသိမှန် အကျင့်မှန်ကို ပေးနိုင်သော အရိယာ ဆရာမြတ်ကို ရှာဖွေပြီးဆည်းကပ်ဖို့ လိုပါသည်။

              ဆရာမြတ်တို့၏ ဆုံးမညွန်ကြားချက်အတိုင်းလိုက်နာပြီး ကျင့်ကြံအားထုတ်နိုင်ပါမှ တရားရမည်။ တရားကို သိမည်ဖြစ်ပါသည်။ အကျင့်တရားဖြင့်သာ တရားရနိုင်ပါသည်။ တရားရပြီဆိုလျှင် ဘုရားကို သိပါလိမ့်မည်။ မိမိတို့ တရားအဆင့်ကြီးလေလေ ဘုရားကို သိလေလေဖြစ်ပါလိမ့်မည်။ သို့သော် အဆုံးစွန်အထိတော့ ဘုရားမှလွဲ၍ မည်သူမျှ မသိနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် သဗ္ဗညုတရွှေဥာဏ်တော်သည် မြတ်ဗုဒ္ဓ၏ သာသနာတွင် မြတ်ဗုဒ္ဓတပါးတည်းမှ လွဲ၍အခြားမည်သူမျှ မရရှိနိုင်သောကြောင့် ဖြစ်ပါသည်။

        ချစ်စွာသော မိတ်အပေါင်းကို ဘုရားကိုသိရန် တရားရရှိဖို့နှင့် တရားကို သိရှိရန်၊ တရားရရန် အလို့ငှာ သာသနာကို လက်ဆင့်ကမ်းနိုင်ကြသော ဆရာကောင်း ဆရာမြတ်တို့ကို ကြိုးစားရှာဖွေ ဆည်းကပ်ဖို့ အဓိက လိုအပ်ပါကြောင်း စေတနာကောင်းဖြင့် တင်ပြလိုက်ရပါသည်။

 

                                                                                                                နေရဗာန်

 

   

 

.......................................................................................................................

 

 

 

 

 

 

 

 

 “ ဗုဒ္ဓဘာသာနှင့်ဆရာကောင်းဆရာမြတ် ”

 

         ကမ္ဘာ့လူဦးရေ၏ ၆ ရာနှုန်းရှိပြီး သန်းပေါင်းသုံးရာမျှသော လူဦးရေသည် ဗုဒ္ဓဘာသာဝင်များဟု မှတ် တမ်းများအရ သိရပါသည်။ နိုင်ငံအသီးသီးတွင် ဗုဒ္ဓဘာသာဝင်များရှိကြသလို ဂိုဏ်းဂဏအသီးသီး ကွဲပြား နေကြသည်ကိုလည်း အများအသိပင်ဖြစ်ပါသည်။ ထေရဝါဒကိုးကွယ်သော မိမိတို့မြန်မာနိုင်ငံမှာပင်  ဂိုဏ်း အမျိုးမျိုးကွဲပြားလျှက်ရှိပါသည်။ ကွဲပြားသည်ဆိုခြင်းမှာ မတူခြင်းဖြစ်သည်ဟု အဓိပ္ပါယ်ရပါသည်။ မြတ်ဗုဒ္ဓ၏ အယူအဆနှင့် ဝါဒအပေါ်တွင် ကောက်ချက်ချခြင်း နားလည်မှု့  ရှိခြင်းတို့ ၌မတူ၍သာ ကွဲပြားခြင်းများ ဖြစ် ပေါ်လာပြီး ဂိုဏ်းဂဏများ ပေါ်ပေါက်လာခြင်း ဖြစ်ပေါ်လာရပါသည်။ မတူညီသောအခြေခံ ကြသည့် အယူ အဆ ရှိလာသည့် ဘက်နှစ်ဘက်တွင် နှစ်ဘက်စလုံးမှန်သည်ဟူ၍တော့ မဖြစ်နိုင်ပါ၊ တစ်ဘက်ဘက်က တော့ မှားနေပါလိမ့်မည်။

         မြတ်ဗုဒ္ဓ၏ဝါဒတော်သည် အကျင့်မှန်မှ မြတ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါလိမ့်မည်။ အကျင့်မှန်ဖို့ ရန်မှာ အသိမှန်မှသာဖြစ်ပါလိမ့်မည်။ အသိမှန် မမှန် ဆိုတာကိုလည်း အကျင့်တရားဖြင့်သာ ဆန်းစစ်သုံးသပ် ပြီးမှသိနိုင်ပါလိမ့်မည်၊ မြတ်ဗုဒ္ဓ၏ ဝါဒတော်တွင် မိမိ၏အသိနှင့် အကျင့်သည်မှားသည် မှန်သည်ဆိုသည်ကို မိမိဖါသာသိနိုင်သည်ဟုထုံးစံမရှိပါ၊ မိမိ၏ဆရာကောင်းဆရာမြတ်ကသာ အဆုံးအဖြတ်ပေးနိုင်ပါသည်။ ဤအရာသည် အလွန်နက်ရှိုင်းလေးနက်သောအရာဖြစ်ပါသည်။

         မြန်မာနိုင်ငံတွင်ပုဂံခေတ်မှစပြီး စဉ်ဆက်မပြတ် ဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့ကြပါသည်၊ ထေရဝါဒ ဗုဒ္ဓဘာသာဖြစ်ပါသည်။ မိဘဘိုးဘွားဘီဘင်အဆက်ဆက်က ကိုးကွယ်သည့်အတိုင်း လိုက်နာကိုးကွယ် ကြသည့် မိရိုးဖလာဗုဒ္ဓဘာသာဝင်များက အများစုဖြစ်ပြီး ဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်သူနှင့် ဖြစ်လိုသူများ လွန်စွာနည်းပါးလှပါသည်။ ဤသို့ ဖြစ်ရသည်ကိုလည်း အပြစ်မတင်သင့်ပါ။ ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်ရန် မှာလည်း ဗုဒ္ဓဝါဒ၏အနှစ်ကို မှန်းဆ နားလည်လာသည်မှ သက်ဝင်ယုံကြည်လာသူ ဖြစ်ရပါလိမ့်မည်။

         ဤသို့ ယုံကြည်သက်ဝင်ဖို့ အတွက်မှာလည်း ဆရာကောင်းဆရာမြတ်ကို ချဉ်းကပ်မိဖို့ ကအဓိကကျ သည့်အချက်ဖြစ်သလို ဆရာကောင်းဆရာမြတ်ကို ချဉ်းကပ်မိဖို့ ရန်ဝန်းကျင်နှင့်နီးစပ်ပါမှ ထိုဝန်းကျင် အတွင်းသို့ ရောက်ရှိပါမှ ဗုဒ္ဓဘာသာစစ်စစ်ဖြစ်လာနိုင်ပါသည်၊ ဗုဒ္ဓဘာသာစစ်စစ် ဖြစ်ချင်၍ ဆရာကောင်း ဆရာမြတ်ကို ရှာဖွေသူအလွန့် အလွန်နည်းပါးလှပါသည်။ သို့ ပေမင့် ဆရာကောင်း ဆရာမြတ်နှင့် တွေ့ ရပြီး ဗုဒ္ဓဘာသာစစ်စစ်ဖြစ်ချင်သူနှင့် ဖြစ်သွားသူများကတော့ များ ပြားလှပါသည်။ ထို့ ကြောင့် ဆရာကောင်း ဆရာမြတ်ကို မတွေ့ ရ၍ ဗုဒ္ဓဘာသာစစ်စစ်မဖြစ်သေးသူများ ကိုလည်း အပြစ်မတင်ရက်ပါ၊ ကြိုးစားရှာဖွေ၍ ဆည်းကပ်ပါရန်သာ တိုက်တွန်းလိုပါသည်။

         လူသာမန်တို့ သည် မိရိုးဖလာဗုဒ္ဓဘာသာအဆင့်မှ ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်ရန် ပြင်းပြသောဆန္ဒ မရှိကြခြင်းသည်လည်း ဆန်းကြယ်သည့် ကိစ္စတော့မဟုတ်ပါ၊ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓဘာသာစစ်စစ် ဖြစ်ရခြင်း၏ တန်ဖိုးနှင့် ချမ်းသာခြင်းကိုမသိခြင်း၊ မမှန်းဆနိုင်ခြင်းတို့ ကြောင့် ဖြစ်ပါသည်၊ ဗုဒ္ဓဘာသာစစ်စစ် ဖြစ်ရခြင်း၏ ချမ်းသာမှု့ ဆိုတာကိုလည်း အမှန်တကယ်တွေ့ ရှိခံစားပြီးဖြစ်သော ဆရာကောင်းဆရာမြတ်က သာ ဟောပြော ပြသနိုင်သည် ဖြစ်ပါသည်၊ မိရိုးဖလာဗုဒ္ဓဘာသာဝင်များအဖို့  ဆရာ၊ ဆရာကောင်းနှင့် ဆရာမြတ်ဟူ၍သုံးမျိုးရှိကြပါသည်။ ဆရာတိုင်းပင် အနန္ဒော အနန္ဒ ငါးပါးတွင်အကျုံးဝင်၍ဆည်းကပ်ထိုက် လှပါသည်။ သို့ သော် လောကီနှင့် မိရိုးဖလာလောကုတ္တရာအရာတွင် ဆရာနှင့်ဆရာကောင်းများကို ဆည်းကပ်နည်းယူကြရမှာဖြစ်သော်လည်း လောကုတ္တရာစစ်စစ်နှင့် ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်ရန်မှာမူ ဆရာမြတ်ကိုရှာပြီး ဆည်းကပ်မှသာလျှင် ပြီးမြောက်နိုင်မည်ဖြစ်ပါသည်။ တနည်းအားဖြင့် လောကုတ္တရာ ဗဟုသုတနှင့် သညာအရာတွင် ဆရာနှင့်ဆရာကောင်းတို့ က ပေးစွမ်းနိုင်ကြသော်လည်း လောကုတ္တရာ ဥာဏ်ပညာဆိုသည်ကိုတော့ ဆရာမြတ်မှသာပေးစွမ်းနိုင်ပါသည်၊ ဆရာမြတ်ကို ဆရာကောင်းဆရာမြတ် ဟုလည်းခေါ်ဆိုနိုင်ကြပါသည်။

         ဤနေရာတွင် ဆရာ ကို ခွဲခြားပြဆိုနေခြင်းမှာ ဗုဒ္ဓဘာသာဝင်တို့ အတွက် အလွန်အရေးကြီးပြီး သိသင့်သိထိုက်လှသောကြောင့် လေးစားစွာတင်ပြနေခြင်းဖြစ်ပါသည်၊ ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်လိုသူများ နှင့် ဗုဒ္ဓဘာသာ၏အနှစ်အရသာကို သိမြင်ခံစားကြလိုသူများအတွက် သာမန်ဆရာများနှင့် ပိဋကတ်များ သည် တတ်နိုင်ကြမည်မဟုတ်ပါ၊ အထက်ကဖေါ်ပြပါအတိုင်း ဆရာမြတ်ကိုသာတွေ့ အောင်ရှာပြီး နည်းခံ ကျင့်ကြံအားထုတ်ရုံမှတပါး အခြားလမ်းမရှိပါ။ သို့ ဆိုသော် ဆရာမြတ်ဟူသည် မည်သို့ သောပုဂ္ဂိုလ် မျိုး ဖြစ်ပြီး မည်သို့ သိနိုင် တွေ့ နိုင် မည်နည်းဟု မေးစရာများရှိလာပါသည်၊ လောကီတွင် မြတ်ဆရာဟု ခေါ်ဝေါ်သုံးစွဲကြသော်လည်း လောကုတ္တရာတွင်မူ အမှန်တကယ်အောင်မြင်ပေါက်မြောက်ကြကုန်သော အရိယာသူတော်ကောင်းကိုသာ ဆရာကောင်းဆရာမြတ်ဟုခေါ်ဆိုပါသည်၊ လေးတန်သော မဂ်ဥာဏ် ဖိုလ်ဥာဏ်တို့ ကို တည်ဆောက်ပြီးဖြစ်သည့် ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်ရဟန္တာကြီးတို့ သည် ဆရာမြတ်များပင် ဖြစ်ကြပါသည်။ ရဟန္တာအဆင့်သို့ မရောက်ရှိကြသေးသော်လည်း မဂ်တတန်၊နှစ်တန်၊ သုံးတန် စသည်ဖြင့် ဆိုက်ရောက်ပြီးသူ ၊ အရိယာကြီးများသည် မိရိုးဖလာဗုဒ္ဓဘာသာဝင်များကို ဗုဒ္ဓဘာသာစစ်စစ် ဖြစ်စေရန် လမ်းညွှန်ဆုံးမပေးနိုင်ကြသော်ငြားလည်း မဂ်ဥာဏ် ဖိုလ်ဥာဏ်နှင့် နိဗ္ဗာန်အရာအထိ ပေါက်မြောက် အောင်မြင်ရန်အဖို့ မှာကား ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဟု ခေါ်ဆိုထိုက်သော ရဟန္တာကိုယ်တော်မြတ်ကြီးများမှ သာ တတ်နိုင်ကြပါသည်။

         မြန်မာနိုင်ငံတွင်ထိုသို့ သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီးများဖြစ်ကြသော ဆရာမြတ်များ မဆိတ် သုန်းပါ၊ အစဉ်အမြဲရှိနေကြသည်ပင်ဖြစ်ပါသည်၊ ဗုဒ္ဓဘာသာဝင်တို့ အနေဖြင့် ထိုသို့ သော ဆရာမြတ် ကိုသိချင် တွေ့ ချင် လိုသောဆန္ဒရှိဖို့ တော့လိုပါသည်။ မိမိတို့ တွေ့ဖူးကြုံဖူး ချဉ်းကပ်ဖူးခဲ့တဲ့ ဆရာတော် သမားတော်များ ရဟန်းသံဃာနှင့် လူဝတ်ကြောင်ပုဂ္ဂိုလ်များအများအပြားပင် ရှိခဲ့ကြမည်လည်း ဖြစ်ပါသည်၊ သို့ သော် အသိတရားနှင့်တကွ အကျင့်တရားပါ ပြည့်စုံပြီး မိမိဖြစ်လိုသည့် ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်အောင် ဟောပြစွမ်းဆောင်နိုင် သူ ဖြစ်နိုင် မဖြစ်နိုင် ကိုတော့ အကဲခတ်အကဲဖြတ်နိုင်ဖို့ သည် မိမိ၏ တာဝန်ဖြစ်သ လို မိမိ၏အစွမ်းအစနှင့် ပါရမီအပေါ်တွင် မှီတည်နေပါသည်။ ဤနေရာတွင် မိမိ၌ ပါရမီရှိ မရှိ ကိုတော့ သိနိုင်ခက်ခဲလှသော်လည်း အခြေခံအားဖြင့် မမှားနိုင်သော အကဲဖြတ်ချက်တော့ ရှိသည်ဟု အကြံပြု လိုပါသည်။ မြန်မာပြည်သာမက အခြားသောနိုင်ငံများမှာပါ တရားဟော တရားပြဆရာများ၊ တရားစခန်းများ၊ ဝိပဿနာသင်တန်းများ အများအပြားပင် ရှိနေကြပါသည်၊ ရွာဦးရွာထိပ်ကျောင်းများတွင်လည်း မိမိတို့ ကိုးကွယ်ဆည်းကပ်နေသော ရဟန်းသံဃာများ ထေရ်ကြီးဝါကြီးများလည်း ရှိနေကြပါသည်၊ သို့ ပေမင့် မည်သည့်ဆရာသည် မိမိကိုတရားပေးနိုင် မပေးနိုင်ဆိုသည်မှာ ထိုဆရာသမားသည် လောကုတ္တရာ၏ အကျိုးကျေးဇူးရှိမှု့ များကို အမှန်အတိုင်းပြောနိုင် မပြောနိုင် ဆိုသည်ကို ပထမ အကဲဖြတ်နိုင်ရပါမည်၊ ၎င်းဆရာသမားသည် သူကိုယ်တိုင်တရားရှိထားပြီးဖြစ်သည်ကို တိုက်ရိုက်မဟုတ်သည်တောင်မှ သွယ်ဝှိက် ၍စကားပရိယာယ်ဖြင့် ဝိနည်းလွတ်အောင် အာမခံရဲရဲဖြင့် ပြောသလား၊ မပြောဘူးလား ဆိုတာကိုအကဲ ခတ်နိုင်ရပါမည်၊ တရားလိုလားသော တပည့် တကာ တကာမတို့ ကိုလည်း တရားရရန် အာမခံရဲရဲဖြင့် ဟောကြားဆုံးမနိုင်သလားဆိုတာကို အကဲဖြတ်နိုင်ရပါမည်။ ဥပမာအားဖြင့် အနီးစပ်ဆုံး မိုးကုတ်ဆရာ တော်ဘုရားကြီး၏ တရားတော်များကို နာကြည့်လျှင် သိနိုင်၊ အကဲဖြတ်နိုင်မည် ဖြစ်ပါသည်။ ဆရာတော် ဘုရားကြီး သည် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်၊ ဆရာထူး ဆရာမြတ်၊ ရဟန္တာကိုယ်တော်မြတ်ကြီးအဖြစ် ခန္တာဝန် ချခဲ့သည်မှာ ၄၆ နှစ်ပင်ရှိခဲ့ပါပြီ၊ ဆရာတော်ကြီး၏ တရားဓမ္မများ အထင်အရှားကျန်ရစ်ခဲ့ပါသည်။ ဆရာတော်ဘုရားကြီး၏ ဓမ္မအမွေများကိုဆက်ခံရရှိသော ပုဂ္ဂိုလ်များလည်း ကျန်ရှိကြပါသည်။ မြန်မာပြည် တွင် ဗုဒ္ဓသာသနာတော် ထွန်းကားလျှက်ရှိနေပါသည်၊ ရဟန္တာများလည်း မဆိတ်သုန်းကြပါ၊ ဆရာကောင်း ဆရာမြတ်များလည်း ရှိနေပါသည်၊ စာရေးသူလက်လှမ်းမှီသော ဆရာမြတ်တပါးရှိပါသည်၊ ထိုပုဂ္ဂိုလ်မှာ အလွန်တရာမှ ခက်ခဲနက်နဲလှသော မြတ်နိဗ္ဗာန်အကြောင်းကို ရှင်းလင်းဟောကြားပေးနေသော ဗုဒ္ဓစာပေ ဆုရ ဒေါက်တာချစ်ငယ်(ဒဿန) MA,Ph.D (Philosophy in Religious Sciences) London ပင်ဖြစ်ပါ သည်၊ ဆရာမြတ်သည် နိဗ္ဗာန်၏ အကြောင်းကို၎င်း နိဗ္ဗာန်ရောက်ကြောင်း တရားဓမ္မများကို၎င်း စာအုပ်များ ဆောင်းပါးများ များစွာရေးသားထုတ်ဝေခဲ့သည့်အပြင် မြန်မာနိုင်ငံရုပ်မြင်သံကြား MRTV-4 မှလည်း အပါတ် စဉ်ဟောကြားရှင်းလင်းပေးခဲ့ပါသည်၊ ဆရာမြတ်သည် ယနေ့ သက်ရှိထင်ရှားရှိနေဆဲဖြစ်ပါသည်၊ ဆရာမြတ် ၏ တရားဓမ္မစာအုပ်များကို၎င်း ဟောကြားပို့ ချရှင်းလင်းချက်များကို၎င်း ပုရိတ်သတ်ကြီးအနေဖြင့်အကဲ ခတ်နိုင်ကြပါပြီ။ မိရိုးဖလာဗုဒ္ဓဘာသာဝင်အဖြစ်မှ ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်လိုသူများအတွက်၎င်း၊ တရားစစ် တရားမှန်ကို အမှန်တကယ်လိုက်စားပြီး ပေါက်မြောက်အောင်မြင်ချင်ကြသော ဓမ္မမိတ်ဆွေအပေါင်းတို့ အား ၎င်း၊ စေတနာကောင်းထားလျှက် ဤဆောင်းပါးဖြင့် နိဗ္ဗာန်သတင်း ပေးဝေငှလိုက်ပါကြောင်း။

 

                                                                                                                                                      နေရဗာန်။

 

 

.....................................................................................................................................

 

 

 

                                                 “ ဗုဒ္ဓဘာသာ နှင့် တပည့်ကောင်း ”

 

         ဗုဒ္ဓဘာသာဝင်တိုင်း ဗုဒ္ဓဘာသာဝင်စစ်စစ် ဟုမဆိုနိုင်ပါ၊ မိရိုးဖလာ ဗုဒ္ဓဘာသာအဆင့်တွင် ရပ်တန့် နေသူများ အားလုံး ဗုဒ္ဓဘာသာဝင်စစ်စစ် မဟုတ်ကြပါ။ ဗုဒ္ဓဘာသာဝင်စစ်စစ်ဆိုသည်မှာ ဗုဒ္ဓနှင့်ဗုဒ္ဓ၏ ဝါဒတော်အပေါ်တွင် ယုံမှားသံသယကင်းပြီး ယုံကြည်ချက် ခိုင်မာပြတ်သား သူများသာ ဖြစ်ကြပါသည်၊ ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်ရန်ကြိုးစားနေကြသူများကိုလည်း လှိုက်လှဲစွာ ဂုဏ်ယူကြို ဆိုထိုက်ပါသည်။ ဗုဒ္ဓဘာသာဝင်စစ်စစ်ဆိုသူသည် မိမိ၏ယုံကြည်ချက်အပေါ်တွင်မည်သို့သော ရုပ် နာမ် ချမ်းသာတို့ ဖြင့် မြှောက်သည်ဖြစ်စေ မည်သို့ သော ရုပ်၊ နာမ် ဆင်းရဲခြင်းကြီးတို့ ဖြင့် ခြောက် သည်ဖြစ်စေ တုန်လှုပ်မှု့ မရှိတော့ဘဲ ခိုင်မာစွာ ရပ်တည်နေသူပင် ဖြစ်ပါသည်။

         ရတနာမြတ်သုံးပါးအပေါ်တွင် ကြည်ညို ယုံကြည်သဒ္ဒါ ခိုင်မာမှု့ ရှိလာရန်မှာလည်း ဆရာ ကောင်း ဆရာမြတ်နှင့်တွေ့ မှသာ ဖြစ်နိုင်ပါလိမ့်မည်၊ မိမိတို့ သည် ဆရာကောင်း ဆရာမြတ်နှင့် တွေ့ ရသည်၊ ချဉ်းကပ်ကိုးကွယ် ဆည်းပူးရသည်ပဲ ဆိုအုံးတော့ မိမိတို့ ကိုယ်တိုင်က တပည့် ကောင်း ဖြစ်ရန်မကြိုးစားပါက ဗုဒ္ဓဘာသာဝင်စစ်စစ်မဖြစ်နိုင်ပါ၊ တပည့်ကောင်း မဖြစ်သူသည် လည်း ဆရာကောင်း ဆရာမြတ် ဘယ်သောအခါမျှ မဖြစ်နိုင်ပါ။ လောကသုံးပါးတွင် လောကုတ္တ ရာဥာဏ်အရာ၌ ဆရာမရှိဘဲ အောင်မြင်သူမှာ ဗုဒ္ဓတပါးတည်းသာရှိပါသည်၊ ကျန်ရုပ်နာမ် အားလုံး အဖို့ ဆရာရှိမှသာ အောင်မြင်နိုင်ပါသည်။ ထို့ ကြောင့်မိမိတို့ သည် တပည့်ကောင်း ဖြစ်ရန် ကြိုးစား အားထုတ်ကြရပါ လိမ့်မည်။

         တပည့်ကောင်းတဦးဖြစ်ရန်မှာ တပည့်ဝတ္တရားငါးပါးတွင်ပါသည့် ဆုံးမနာယူ ဆိုသည့် စကားအတိုင်း ဆရာမြတ်၏ ဆိုဆုံးမမှု့ အပေါ်တွင် တသွေမတိမ်းလိုက်နာဖို့ ရန်သာဖြစ်ပါသည်၊ ဤနေရာတွင် မိမိသိထားခြင်း တတ်ထားခြင်း၊ နားလည်လက္ခံထားခြင်းများကို ဘေးတွင်ခေါက်ထား သိမ်းထားရပါလိမ့်မည်၊ ဗုဒ္ဓ၏ သာသနာတော်၌ မိမိသည်တရားထူးတရားမြတ် မရသေးလျှင် ရတနာသုံးပါး၏ အပေါ်၌ယုံကြည်မှု မခိုင်မာသေးပေ၊ ယုံကြည်မှု့ မခိုင်မာသေးလျှင်လည်း ဗုဒ္ဓ ဘာသာဝင်စစ်စစ်မဖြစ်ပါ၊ မိမိတို့ သည် မည်မျှပင်ချမ်းသာပါစေ၊ ရာထူးဂုဏ်ဒြပ်တို့ မည်မျှပင် ကြီးမားပါစေ၊ ပညာအရာမှာလည်း ကမ္ဘာကျော်ပါစေ ထိုသူသည် တရားပေးနိုင်သော ဆရာမြတ် ထံတွင် တပည့်မခံပါက၊ တပည့်ကောင်းဖြစ်အောင် မကြိုးစားပါက ဘယ်သောအခါမှ ဗုဒ္ဓဘာသာ ဝင်စစ်စစ် ဖြစ်လာမည်မဟုတ်ပါ။ ဗုဒ္ဓဘာသာဝင်ဟု ခံယူထားကြသော လူဝတ်ကြောင်များပင် မဆိုထားဘိ ရဟန်းသံဃာ ထေရ်ကြီးဝါကြီးများပင်ဖြစ်စေကာမူ၊ တိပိဋကတ်ပင် အောင်မြင် စေကာ မူ ဆရာမြတ်ထံတွင်တပည့်ကောင်း အဖြစ် မဆည်းကပ်မခံယူ မကျင့်သုံးပါက ဗုဒ္ဓဘာသာစစ်စစ် ဖြစ်မလာနိုင်ပါ။ ဤအချက်သည် အလွန်အရေးကြီးပြီး အလွန်ထူးခြားသောအချက်ပင် ဖြစ်ပါသည်၊ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်လိုသည့်မိမိသည် မိမိယုံကြည်သော ဆရာ ကောင်း ဆရာမြတ်နှင့်တွေ့ လျှင် ဆုံးမနာယူ ဆိုသည့်အတိုင်း ဆရာ၏ ဆုံးမညွှန်ကြားမှု့ ကို တသွေမတိမ်း နာခံတော့မည်ဟု ဆုံးဖြတ်ချက်ချထားသူ ဖြစ်ရပါလိမ့်မည်။

 ဆရာ၏ ညွှန်ကြား ဆုံးမမှု့ အပေါ်တွင် လိုက်နာနိုင်သလောက်သာ လိုက်နာမည်ဟူ၍ကား မဖြစ်နိုင်ပါ၊ ဗုဒ္ဓဘာသာ စစ်စစ်သည် အလွန်တိကျပြတ်သား မှန်ကန်မှု့ ရှိသည့်အတွက် ဈေးဆစ်၍မရပါ၊ အတိမ်းအစောင်း မရှိရပါ၊ ထို့ ကြောင့် တပည့်ကောင်းဖြစ်ရန် ဆုံးဖြတ်ချက်ချနိုင်သူမှသာ ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်နိုင်ပါသည်။

         အဘယ်ကြောင့် တပည့်ကောင်းဖြစ်မှ ဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်ရပါသည်ဆိုသော် မိမိသည် တရားထူး တရားမြတ်သာရပါစေ တပည့်ခံရန် အဆင်သင့်ရှိနေပါသည် ဟူသောစိတ်သည် မိမိ၏ အတ္တကို ချိုးနှိမ်ပြီးသားဖြစ်နေပြီး၊ မိမိ၏ အလိုကို ပယ်သတ်ထားသည့် သဘောကို သက်ရောက် နေသဖြင့် ထိုသူသည် တရားရရန် ဗုဒ္ဓဘာသာစစ်စစ်ဖြစ်ရန် အသင့်ဖြစ်နေသော စိတ်နှလုံးရှိနေ၍ ပင်ဖြစ်ပါသည်။ ဤအရာသည် လွယ်ကူသည့် အရာတော့မဟုတ်ပါ၊ ကိလေသာအလုံးစုံကို ပယ်ပြီး သော သူတော်ကောင်းသူတော်မြတ်ကြီးများမှလွှဲ၍ ကျန်ပုဂ္ဂိုလ်အားလုံး၌ တဏှာ၊မာန၊ ဒိဌိ သည်ရှိ နေကြသည်ပင် ဖြစ်ပါသည်၊ တဏှာ၊မာန၊ဒိဌိ ဟူသည် မိမိတို့ ၌မွေးရာပါ အမွေအနှစ် များဖြစ်ပါ သည်။ ကံနှင့် တကွသော အကြောင်းအကျိုးတရားတို့ ကြောင့် မိမိတို့ သည် ရုပ်နာမ်ချမ်းသာ ခြင်းများ ကြီးမားပြည့်စုံတိုးတက်လာခြင်း၊ လောကီသတ်မှတ်ချက်အရ ပညာအဆင့် ကြီးမားလာ ခြင်း၊ ရာထူးဂုဏ်နာမည်ဂုဏ်များ ကြီးမားလာခြင်းတို့ ကြောင့်လည်း တဏှာ၊ မာန၊ ဒိဌိတရားများ ပိုမို ဖိစီးလာတတ်ကြပါသည်၊ ထိုတရားတို့ ကို ခွါချရန် မလွယ်ကူသော်လည်း မိမိသည် တရားရရန် သို့ မဟုတ် ဗုဒ္ဓဘာသာစစ်စစ်ဖြစ်ရန်အလို့ ငှါ မိမိ၌ရှိနေသော မာနကို ပထမ ဦးစွာ ချိုးနှိမ်ပယ် သတ်ပြီး ဆရာကောင်းဆရာမြတ်၏ ထံတွင် တပည့်ခံတော့မည်ဟု ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချရပါလိမ့်မည်၊ ထိုကဲ့သို့ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချနိုင်မှသာ ထိုသူသည် ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်ရန် လမ်းပွင့်သွားသူဖြစ်ပါလိမ့်မည်။

         မိရိုးဖလာဗုဒ္ဓဘာသာမှ ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်ချင်ကြသော သူများအတွက် အရေးအကြီး ဆုံး အချက်နှစ်ချက် ရှိပါသည်၊ ပထမအချက်မှာ တရားသာရမည်ဆိုပါလျှင် တရားပေးနိုင်သူ၏ အ ထံ၌ တပည့်ခံရမည်ဟု ဆုံးဖြတ်ချက်ပြတ်သားနေရပါမည်။ ဒုတိယအချက်ကတော့ တရားပေး နိုင် မည့် ဆရာကောင်း ဆရာမြတ်ကိုတွေ့ အောင်ရှာနိုင်ဖို့ ၊ ဆည်းကပ်နိုင်ဖို့ ပင်ဖြစ်ပါသည်။

         မိမိတို့ သည် မိမိအား တရားပေးနိုင်မည့် ဆရာကောင်းဆရာမြတ်ကို မတွေ့ နိုင်သေး မသိ နိုင်သေးသည်ဘဲထားအုံး ဆရာကောင်း ဆရာမြတ်ဟုသိလျှင် တွေ့ လျှင် တပည့်ခံလိုက်မည်၊ တ ရားသာရပါစေ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးကဲ့သို့ မိမိ၏ခန္ဓာကို အပ်နှင်း၍ တပည့်ခံလိုက်မည်ဟု ဆုံးဖြတ်ချက် ကျနေသူဖြစ်လျှင် မိတ်ဆွေသည် မုချပင်တရားရပြီး ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်နိုင်ပါသည် ဟုတင်ပြအပ်ပါသည်။

နေရဗာန်

 

Home |  Current News Letter |  Humour |  Poem  |  Onepage novel |  Thought  |  Impression  | Contact Us |   Top

Suggestions & Comments: linyaungchi