![]() |
||||||||||||||||||||||||||||||||||
|
ဘိုးလေးနဲ့ဒိုးလေး အမှတ် (၄) ဘိုးလေး………… အံမယ် အံမယ်၊ ပါးစပ်တပြင်ပြင်နဲ့ မင်းဘာပြောချင်လို့ ငါ့ဆီကိုလာတယ်ဆိုတာ ငါသိတယ် မောင်။
ဒိုးလေး…………. ကဲ ဒါဖြင့် ကျွန်တော်ဘာပြောချင်တယ်ဆိုတာ ဘိုးလေး ပြောကြည့်လေ။
ဘိုးလေး…………. ဟေ့ ဒိုးလေး၊ နယ်စပ်မှာ အစိုးရ တခုထပ်ပြီး ပေါ်လာတာကို မင်းပြောချင်တာပဲ မဟုတ်လား။
ဒိုးလေး…………... အင်း.. ဘိုးလေးက တယ်နပ်ပါလားဗျ။ ဟုတ်ပါ့ဗျာ၊ ဟုတ်ပ..။ ဒါနဲ့ ရှင်းစမ်းပါအုံး ဘိုးလေးရ၊ အစိုးရသစ်တခုကို အင်စီယူဘီက ထပ်ပြီးဖွဲ့လိုက်တဲ့ကိစ္စ၊ အဲဒါ ပိုပြီး ကောင်းလာမလား၊ ဘယ်လိုလဲ။
ဘိုးလေး………….. အေး.. ငါတွေးမိသမျှတော့ မင်းကိုပြောရတာပ။ ဒီလိုကွ၊ အဝေးရောက် ဦးစိန်ဝင်းစင်ပြိုင် အစိုးရ တခုထဲနဲ့ စစ်အစိုးရကို ခံတိုက်ခဲ့တာ အနှစ် (၂၀) ရှိတော့မယ် မဟုတ်လား။ အခုအထိ မနိုင်ဘူးလေ။ အဲဒီလို အစိုးရတခုတည်းနဲ့တိုက်တာ မနိုင်လို့ အစိုးရ နှစ်ခုနဲ့ တိုက်မှ ဖြစ်မယ်ဆိုပြီး နောက်တခု ထပ်ဖွဲ့တာ ဖြစ်မှာပေါ့ကွ။
ဒိုးလေး…………… အော်အော်… ဘိုးလေးက တယ်ပြီးမြင်တတ်ပါလား။
ဘိုးလေး……….. မြင်တတ်ဆို ဘိုးလေးပဲ ဥစ္စာ။ မင်းစဉ်းစားကြည့်လေ အင်စီယူဘီ စုပေါင်းစပ်ပေါင်းအဖွဲ့ကြီးထဲမှာ ဦးစိန်ဝင်း အစိုးရလည်း ပါနေတာမဟုတ်လား ဒိုလေးရ။
ဒိုးလေး………… အင်း ဟုတ်သားပဲ။
ဘိုးလေး………. ဟုတ်သားပဲ လုပ်မနေနဲ့ကိုယ့်လူ။ ဒို့ပြည်ပရောက် အတိုက်အခံတွေကလည်း ဥာဏ်အပြေးသားကွ။ တခုနဲ့မရရင် နှစ်ခုနဲ့တိုက်မယ်၊ နှစ်ခုနဲ့မရရင် သုံးခုပေါ့ကွာ။ ပြည်ပမှာ အစိုးရဖွဲ့ရတာတောင် လူ လေးငါးခြောက်ယောက်နဲ့ ဖွဲ့ထားတဲ့ဟာ။
ဒိုးလေး………. နို့ နေပါအုံး ဘိုးလေးရ၊ အစိုးရ နှစ်ခုနဲ့ ဝိုင်းပြီးတိုက်တော့ကော စစ်အစိုးရကို နိုင်မှာတဲ့လား။
ဘိုးလေး………. ဒါတော့ ငါဘယ်သိမလဲကွ။ ဒါပေမယ့် နောက်ဖွဲ့မယ့် အစိုးရလေးက လက်နက်နဲ့တိုက်မယ်တဲ့ မောင်။ အားရှိစရာပဲ ဟေ့။
ဒိုးလေး……….. ဟာ..၊ ဒါဆို ကျွန်တော်မသိလို့ မေးစမ်းပါရစေအုံး၊ လက်နက်ကိုင်တိုက်ပွဲပါ လုပ်တော့မယ်ဆိုတော့ လိုအပ်တဲ့ လူသူလက်နက်၊ ခဲယမ်းမီးကျောက်၊ စားရေရိက္ခာတွေနဲ့ အဲဒါတွေအားလုံးကို ဖန်တည်းနိုင်တဲ့ ငွေစတဲ့ အကူအညီတွေကို ဘယ်ကရမှာလဲ ဗျ၊ ဘိုးလေးရ။
ဘိုးလေး…………. အေး..။ အဲဒါတွေ ရဖို့က သူတို့ခံယူချက်နဲ့ ဦးတည်ချက်မှန်ရင် ဖြစ်လာမှာပေါ့ကွာ။ တို့ကတော့ စောင့်ကြည့်ရုံပေါ့။ ။
ကြည်တင်အောင်
.........................................................................................................
ဘိုးလေးနဲ့ဒိုးလေး
ဘိုးလေး။ ။ ဟေ့ ဒိုးလေး မင်း ခုတလော ငါ့ဆီကို အလာကြဲနေပါလား။ နေလိုကောကောင်းရဲ့လား၊ မင်းကြည့်ရတာ ညှောင်နာနာ နဲ့။
ဒိုးလေး။ ။ လူပင်ပန်း စိတ်ပင်ပန်းပေါ့ ဘိုးလေးရာ။ နာဂစ်နှိပ်စက်လို့ လယ်တွေထဲ ရေငံက ဝင်၊ စပါးကမထွက်လို့ စိတ်ညစ်နေရတဲ့အထဲ ဆယ်အိမ်ခေါင်းသန်းရွှေက ကြံဖွံ့ထဲဝင်ဖို့ ခြောက်လိုက်၊မြှောက်လိုက်နဲ့ နေ့တိုင်းပြောနေတယ်ဗျ။
ဘိုးလေး။ ။ အေး… ဒို့ဘဝတွေက ပြေးစရာလည်း မြေမရှိ၊ ပေးစရာလည်း ငွေမရှိဆိုတာမျိုး ဖြစ်နေပါပေါ့ကွာ။ သူတို့အဖွဲ့ထဲ မဝင်ချင်ဘူးလို့ ပြောလိုက်ရင်လည်း နည်းအမျိုးမျိုးနဲ့ ရန်လုပ်မှာလည်း စိုးရသေး တယ်ကွ။
ဒိုးလေး။ ။ နီးရာ ဓါးဆိုတာထက် ဆယ်အိမ်ခေါင်းနဲ့ ကြံဖွံ့ကို ကြောက်နေရတယ် ဘိုးလေးရေ။ ဒါနဲ့ ကျွန်တော်တို့ လူထုကို ကယ်မယ့်သူမရှိတော့ဘူးလားဗျာ။
ဘိုးလေး။ ။ ကယ်မယ့်သူ ရှိမရှိတော့ မသိပါဘူးကွာ။ ဒါပေမယ့် နှစ်ထောင့်တစ်ဆယ် ရွှေးကောက်ပွဲကိုတော့ ဖြစ်အောင်လုပ်လိမ့်မယ် မောင်။ မဲထည့်ဖို့သာ ပြင်ထား။
ဒိုးလေး။ ။ ဘယ်သူ့ကို မဲထည့်ရမှာလဲ ဗျ။ စစ်ဗိုလ်တမတ်သားလည်း ပါပြီးသား၊ အဓိက အုပ်ချုပ်ရေး နေရာတွေမှာက ဗိုလ်ချုပ်ကြီးတွေပဲဆိုတော့ ကျွန်တော်တို့ လူထုက ကျွန်သက်ရှည်ရတော့မလို ဖြစ်နေပြီ။ ဘာလုပ်ရမှန်းလည်း မသိတော့ပါဘူး ဘိုလေးရာ။
ဘိုးလေး။ ။ သိပ်လည်း စိတ်ဓါတ်ကျ အားငယ်မနေပါနဲ့ကွာ။ ဒို့လူထုကြီး ဘာလုပ်ရမယ်ဆိုတာ မကြာခင် ညွန်ကြားတော့မှာပါ။
ဒိုးလေး။ ။ ဘယ်သူက ညွှန်ကြားမှာလဲ။
ဘိုးလေး။ ။ ဒုံးဝေးလိုက်တာ ဒိုးလေးရာ၊ ဒို့ အစိုးရ ကပေါ့ကွ။
ဒိုးလေး။ ။ န.အ.ဖ၊ အစိုးရကြီး ကလား။
ဘိုးလေး။ ။ ထွီ…. သွားစမ်းပါ။ ဘယ်ကလာ န.အ.ဖ ဟုတ်မှာလဲ။ ဒီမှာ တိုးတိုးပြောမယ် အနားကိုကပ်။ ဟို ဟို ဒို့ အဝေးရောက် အစိုးရကြီးကို ပြောတာကွ။
ဒိုးလေး။ ။ အော်… အော်၊ သူတို့ဘာတွေညွန်ကြားမှာလဲ။
ဘိုးလေး။ ။ အော်……….. တခုခုပေါ့ကွ။ ကန့်ကွဲမဲ ပေးကြပါ။ ဒါမှမဟုတ် မဲရုံကို မသွားဘဲ၊ ဘာမဲမှ မပေးကြပါနဲ့။ ဒါမှမဟုတ် ဒီချုပ်က ဝင်ပြိုင်ရင်လည်း ဒီချုပ်ကို မဲပေးကြပါ။ ဒါတခုတော့ ညွန်ကြားမှာပေါ့။ သူတို့ ညွှန်ကြားတဲ့အတိုင်း ဒို့ကလိုက်လုပ်လိုက် ရုံပေါ့ ဒိုးလေးရ။
ဒိုးလေး။ ။ ဟင်……….. ဖွဲ့စည်းပုံ ဥပဒေ ဆန္ဒခံယူတုန်းကလည်း ပြင်ပကပဲ ညွှန်ကြားသေးတယ်လေ။ ဗုတ်နိုးလုပ်ပါ။ နိုးဗုတ်လုပ်ပါနဲ့။ နောက်ဆုံးတော့လည်း န.အ.ဖ က သူတို့ဖွဲ့စည်းပုံကို သူတို့ပဲ အတည်ပြုလိုက်တာပဲ မဟုတ်လား။
ဘိုးလေး။ ။ ဟေ့……….. ဒိုးလေး အတိတ်ကို အတိတ်မှာပဲ ထားလိုက်တော့။ ဒို့ ပြည်သူတွေရဲ့ အနာဂတ် အတွက် အခုပစ္စုပ္ပန်မှာ သူတို့ ဘာတွေညွှန်ကြားအုံးမယ်ဆိုတာကို နားစိုက်ထားပေတော့ ဒိုးလေးရေ။
ကြည်တင်အောင်
...............................................................................................
ဘိုးလေးနဲ့ ဒိုးလေး
ဘိုးလေး………… ဟေ့ ဒိုးလေး၊ မင်းလည်း ငါ့ဆီကို မလာတာကြာပါပေါ့လားကွ။ ဒိုးလေး………… မလာတာကြာဆို မအားဘူး ဘိုးလေးရ၊ နာဂစ်လေ နှိပ်စက်ထားတာ အိမ်တွေပြင်ရဆင်ရနဲ့ အခုထိ နလန်မထူဘူး ဘိုးလေးရေ။ ဘိုးလေး………. အေး၊ ဒီရက်တွေအတွင်း မြန်မာ့နိုင်ငံရေးအဖြစ်အပျက်တွေလည်း တယ်မြန်ဆန်နေသကွ ဒိုးလေးရ။ ဒိုးလေး……….. ဟုတ်ကဲ့၊ ထူးတာလေးတွေ ပြောပါအုံး ဘိုးလေး။ ဘိုးလေး……… ထူးတာတွေကတော့ကွာ မင်းလဲကြားမှာပေါ့။ ဟို- ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ လည်းပင်းကို ကြိုးကွင်းစွပ် မယ့် နိုင်ငံတကာ စစ်ခုံရုံးကို အမှု့တင်မယ့်ကိစ္စကို အတိုက်အခံပြည်ပရောက် ဥပဒေ ပညာရှင်တွေက ဆောင်ရွက်နေကြသတဲ့ မောင်… ဒိုးလေး……… ဟာ ဒါဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဘယ်နိုင်ငံက ပုလိပ်တွေက ဘယ်တော့ လာပြီး ဖမ်းမှာလဲ။ ဘိုးလေး……… ငါ ဘယ်သိပါ့မလဲ။ စီစဉ်တဲ့ လူတွေတောင် သိမှာ မဟုတ်ဘူးကွ။ ဒိုးလေး……… ဟာဗျာ ဘိုးလေးကလည်း နောက်နေပြန်ပြီ။ ဘိုးလေး……… မနောက်ပါဘူးကွာ။ သတင်းထဲမှာ ကြားလို့ပြောတာပါကွာ၊ ဘုရားစူး။ အံမယ်၊ ဒါတင်မကသေးဘူးကွ၊ စစ်အစိုးရကိုလည်း ကမ္ဘာ့ကုလသမဂ္ဂက ဖယ်ထုတ်ဖို့လည်း လုပ်နေသေး သဟ.. ဒိုးလေး………. ဟာ၊ အားရစရာပဲဗျို့ ၊ ဘိုးလေး။ ဒါနဲ့ အဲဒါကရော ဘယ်တော့လောက်ဖြစ်မှာလဲ။ ဘိုးလေး……… (၇) နှစ် ကနေ (၂၄) နှစ်လောက် ကြာတဲ့ သာရက ရှိတယ်လို့တော့ ပြောတာပဲ ဒိုးလေးရ။ ဒိုးလေး………. ဘိုးလေးကလည်း နောက်နေပြန်ပြီဗျာ။ ဘိုးလေး………. ဘယ်ကလာ နောက်ရမှာလဲဟ။ ရေဒီယိုက ငါတကယ်ကြားတဲ့ ဥစ္စာ၊ ဘုရားစူးပါကွာ။ မဖြစ်မချင်း ထာဝရ ဇွဲ နဲ့ ဆက်လုပ်သွားမယ်လို့တောင် ပြောသေး..။ ဒိုးလေး………. ပြောချင်လဲ ပြောမှာပေါ့၊ သူတို့မှာလည်း ပါးစပ်တွေနဲ့ပဲ။ ဘိုးလေး……… ပါစပ် ရှိတိုင်းပြောလို့လည်း ဘယ်ဖြစ်ပါ့မလဲကွာ။ ဒို့ ပြည်သူတွေက ငတုံးငအတွေမှ မဟုတ်တာ။ ဒို့ပြည်မှာ စစ်အစိုးရကို ဖယ်ရှားတိုက်ဖျက်ဖို့နည်းမှန်လမ်းမှန်တွေ မတွေ့နိုင်တော့လို့ အခုမှထပြီး အကြံကုန် ဂဠုန်ဆားချက်တယ်လို့ ဝေဖန်တာတွေ မှန်ခဲ့ရင်၊ ဒီကိစ္စကို ဆောင်ရွက်သူတွေ အဖို့ ရှက်စရာပေါ့ ဒိုးလေးရာ..။ ဒိုးလေး………. နိုင်ငံရေး လုပ်တာပဲဗျာ ရှက်စရာမှတ်လို့….။ ဘိုးလေး……... အေးကွ၊ နိုင်ငံရေးဆိုတာလည်း ရှက်တတ်သူတွေမှ လုပ်ရတဲ့ ကိစ္စမျိုးကွ၊ မှားမှား မှန်မှန် အရေထူတဲ့ လူတွေ လုပ်တဲ့နိုင်ငံရေးမျိုးကတော့ အောင်မြင်တယ်လို့ မရှိဘူးကွ ဒိုးလေးရ.. မှတ်ထားဟေ့။ ။
ကြည်တင်အောင်
.......................................................................................
ဘိုးလေးနဲ့ ဒိုးလေး
ဘိုး………… ဟ ဒိုးလေး၊ မင်း အိမ်ကော ပြန်ပြီးမိုးပြီးပြီလား။
ဒိုး…………. ပြီးပါပြီ ဘိုးလေးရာ။ အလုပ်များနေလို့  ဘိုးလေးဆီတောင် မလာနိုင်တာကြာပါပြီ။
ဘိုး………. ငါသိပါတယ်ကွာ။ ဒို့ တရွာလုံး အိမ်တွေ ပြန်မိုးကြ ပြင်ကြနဲ့  ဒါတောင် ဒို့  ပဲခူးတိုင်း အနောက်ခြမ်းရွာတွေက အဖျားအနားလောက်ခံရတာ။ လေဘေးဒဏ် တကယ်ခံရတဲ့ရွာတွေ အထိနာလိုက်ပုံကတော့ ဒို့ နိုင်ငံရဲ့  သမိုင်းမှာ အကြီးဆုံး၊ အဆိုးဝါးဆုံးပဲဟေ့။ အိုးပျောက်၊ အိမ်ပျောက်၊ ရွာပျောက်၊ လူပျောက် လူသေ သောင်းဂဏန်း၊ သိန်းဂဏန်း ရှိတယ်ဆိုတဲ့ အဖြစ်မျိုး ငါတော့ ခုမှဘဲကြုံဘူးတယ် ဒိုးလေးရေ။
ဒိုး………… မသေမပျောက်လို့  ကျန်ခဲ့တဲ့ ခိုကိုးရာမဲ့ ဒုက္ခသည် နှစ်သန်းခွဲကျော်ရဲ့ အရေးကလည်း မတွေးဝံ့စရာ ပါလား ဘိုးလေး။
ဘိုး……….. အေးလေကွာ၊ မင်းကြားတဲ့အတိုင်း အကူအညီတွေ ဝိုင်းပြီးပေးနေကြတယ်ဆိုပေမယ့် အကူအညီမရောက် နိုင်တဲ့ လက်လှမ်းမမီတဲ့ဒေသတွေက အများစု မဟုတ်လားကွ။ လက်လှမ်းမှီတဲ့ မြို့ တွေနဲ့ အနီးအနား ကျေးရွာတွေတောင် ဘယ်မှာ မယ်မယ်ရရ အကူအညီ ရလို့ လဲ။ ဒို့  သွားရေးလာရေး ခက်ခဲတဲ့ဒေသတွေ ဆိုတာကတော့ အကူအညီဆိုတာ ဝေလာဝေးပေါ့။ ဒီကိစ္စကို ဒို့ တောသားတွေက ပိုသိတာပေါ့ကွာ။ ဒို့ ရွာ တွေတောင် မြို့ ကို ရောက်ဖို့  ငါးနာရီလောက် ကုန်းကြောင်းလျှောက်ကြရတာ မဟုတ်လား။
ဒိုး…………. ဒါဖြင့်ရင် ဒုက္ခသည်တွေကို ကယ်ဖို့ ဘယ်လိုဖြစ်နိုင်မလဲ ဘိုးလေး၊ ဒီလိုပဲအသေခံကြရတော့မှာလား။
ဘိုး………… အေးကွာ ပြဿနာက သိပ်ကြီးလွန်းလှပါတယ်။ ဒါပေမယ့် ဖြေရှင်းလို့  ရနိုင်တဲ့နည်းလမ်းတွေလည်း ရှိတယ်။ ဒိုးလေး။
ဒိုး…………… ဟုတ်ကဲ့..ပြောပြပါအုံး။
ဘိုး…………. တကယ်ထိထိရောက်ရောက် ရောက်အောင်သွားပြီးကူညီနိုင်တဲ့သူတွေကတော့ ငွေအင်အား စက်မှု အင်အားကြီးမားတဲ့ နိုင်ငံကြီးတွေပဲဖြစ်တယ် ဒိုးလေး… အဓိက ကူညီနိုင်သူကတော့ အမေရိကန် ပေါ့ကွာ။ နောက် အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမဏီလို နိုင်ငံမျိုးတွေပေါ့။
ဒိုး……………. အဲဒီနိုင်ငံကြီးတွေကလည်း ကူညီပါရစေလို့  တဖွဖွပြောနေတာပဲ မဟုတ်လား။
ဘိုး………….. ဟုတ်တယ်လေ၊ ခက်တာက ပစ္စည်းပဲပေးပါ။ လူမလာပါနဲ့ လို့  အစိုးရက တားနေလို့ ပေါ့ကွာ။
ဒိုး…………… ပစ္စည်းတွေရရင်လည်း ပြီးတာပဲ မဟုတ်လား ဘိုးလေးရ။
ဘိုး…………. မပြီးလို့  ပြောနေရတာပေါ့ကွ။ ဒို့  အစိုးရက နိုင်ငံတကာကရတဲ့ ထောက်ပံ့ငွေတွေ ပစ္စည်းတွေကို ဒုက္ခသည်တွေရဲ့ လက်ထဲကို ထည့်မယ်လို့  မင်းယုံကြည်လို့ လား။
ဒိုး……………. ဟာဗျာ.. ဒါတော့ ဘယ်ယုံကြည်မလဲ ဘိုးလေးရ၊ ကျုပ်တို့ အစိုးရက ဓါးပြထက်တောင်ဆိုးသေး။
ဘိုး………….. အေး.. ဒါတော့လည်း မင်းသိသားပဲ၊ ဒါတင်မကဘူးကွ၊ ဒုက္ခသည်တွေကို စနစ်တကျ ကုသမှု စောင့်ရှောက်မှု၊ ပုံမှန်ဖြစ်အောင် ပြုစုပျိုးထောင်မှုတွေကလည်း သိပ်အရေးကြီးတယ်။ အခုလောလော ဆယ်ကိုပဲ ရေ ရရေး၊ မီးရရေး၊ အမိုးအကာအောက်ရောက်ရှိရေး ရောဂါ ဘယကာကွယ်ရေး ဆိုတာ တွေကို ကျွမ်းကျင်သူတွေ အတွေ့ အကြုံရှိ ဝန်ထမ်းတွေသာ လုပ်နိုင်ကိုင်နိုင်ကြတာကွ။ ဒီတော့ နိုင်ငံကြီးတွေက ပစ္စည်းရော လူပါ ကိုယ်တိုင်ကိုယ်ကျလာရောက် ကူညီဆောင်ရွက်မှ ဖြစ်မှာ။
ဒိုး……………. နို့  နေပါအုံး ဘိုးလေးရဲ့  နိုင်ငံကြီးသား ကယ်တင်ရှင်တွေကို ဘာပြုလို့  အစိုးရက တားနေရတာလည်း။ ကျွန်တော်တော့ နားမလည်နိုင်တော့ဘူး။
ဘိုး…………… မင်း ဘယ်နားလည်မလဲကွာ။ ငါရှင်းပြမယ်၊ မြန်မာအစိုးရက အမေရိကန်နဲ့  အနောက်အုပ်စုဟာ မြန်မာ့ ရန်သူလို့  အမြဲပဲဝါဒဖြန့် နေတယ်လေ။ ပြည်တွင်းရေးဝင်ရောက်စွက်ဖက်နေသူ- ဒို့ ရန်သူလို့ အမြဲပဲ ပြောနေတယ် မဟုတ်လား။ အခုဟာက ရန်သူလို့ အစိုးရက လက်ညှိုးထိုးပြနေသူတွေဟာ တကယ်တော့ မြန်မာပြည်သူတွေရဲ့ ရန်သူတွေ မဟုတ်ပဲ မိတ်ဆွေတွေ၊ အရေးကြုံရင် ကိုယ်ဖိရင်ဖိ ထိထိရောက်ရောက် ကူညီသူတွေ ဖြူစင်တဲ့ နှလုံးသားနဲ့  လူလူချင်း ထောက်ထားညှာတာ သူတွေ ဖြစ်နေပါလားလို့  ပြည်သူတွေအမှန်အတိုင်း မြင်သွားရင်၊ တသက်လုံး လိမ်ညာဝါဒဖြန့် တာကြီးပေါ် သွားပြီး အစိုးရကို လူလိမ်လူညာကြီး... ဒို့ ကို မတရားမှိုင်းတိုက်ပြီး မတရားအုပ်ချုပ်နေပါလားလို့  ပြည်သူတွေသိကုန်တော့မှာပေါ့၊ ဒါကို ဒို့ အစိုးရက အကြောက်ဆုံးပေါ့ ဒိုးလေးရာ။
ဒိုး…………… အော်.အော်…….ဒီလိုကိုး။
ဘိုး…………. ဒါတွင် ဘယ်ကမလဲကွ၊ နိုင်ငံကြီးသားတွေ ထဲထဲဝင်ဝင် ဒို့ ရဲ့ကျေးလက်ဒေသတွေကိုရောက်လာရင် ဒို့ ပြည်သူတွေရဲ့ လူနေမှုဘဝမှန်တွေကို သူတို့ သိကုန်ကြမယ်လေ။ အခြေခံပြည်သူတွေရဲ့ ဘဝမှန်ဟာ ဘယ်လောက်နိမ့်ကျတယ်၊ အောက်တန်းကျနေတယ်ဆိုတာ နိုင်ငံတကာက တိတိကျကျ မသိအောင် အမြဲပဲဖုံးဖိထားတယ်။ သတင်းတွေ မှောင်ချထားတယ်၊ ဒါတွေက အာဏာရှင်အစိုးရတွေရဲ့ လုပ်ရပ် တွေပဲ။ ဒါကြောင့် ဒို့ ပြည်သူတွေရဲ့ ဘဝမှန်ကို နိုင်ငံတကာက မသိအောင် ဖုံးဖိကာကွယ်ဖို့ ဆိုတာ အာဏာရှင်အစိုးရတွေရဲ့ အဓိကလုပ်ရမယ့် တာဝန်ပေါ့ ဒိုးလေးရာ။ ဒါ ဒုတိယ အချက်ပဲ။ ငါ့စကားကို ပြန်ချုပ်လိုက်ရင် အမေရိကန်နဲ့  အနောက်နိုင်ငံကြီးတွေကို မြန်မာပြည်သူတွေက ကယ်တင်ရှင်လို့  မြင်သွားရင်၊ နောက်ပြီး အနောက်နိုင်ငံသားတွေက မြန်မာပြည်သူတွေရဲ့ ဘဝမှန်ကို သိသွားကြရင်၊ နိုင်ငံရေးအရ အများကြီးအရှုံးထွက်သွားနိုင်တယ်လို့  ဒို့ စစ်အစိုးရက တထစ်ကျ ယူဆထားတယ်။ ဒါကြောင့် နိုင်ငံခြားသားတွေကို ပေးမဝင်တာပေါ့ကွာ.. ရှင်းပြီလား။
ဒိုး…………. ရှင်းပါပြီ..ဘိုးလေး ရယ်။ ဒါဆိုဘယ်လိုလုပ်ကြမလဲ၊ ဒီလိုဘဲ အစိုးရရဲ့ တားမြစ်ချက်အတိုင်း နေကြရတော့ မှာလား။
ဘိုး………. အေး.. အခက်အခဲရှိတာ မှန်ပေမယ့်၊ ဒါကိုကျော်လွှားနိုင်အောင် နည်းလမ်းရှာရမှာပေါ့။ အဖြေဆိုတာ ရှိစမြဲ ပေါ့ကွာ။
ဒိုး………… ဘိုးလေး သိရင် ပြောပါအုံး။
ဘိုး………. သိတယ်တော့ ဘယ်ဟုတ်မလဲကွ။ ဒါပေမယ့် လုပ်သင့်လုပ်ထိုက်တာတွေကိုတော့ လုပ်ကြရမယ်။ နိုင်ငံခြားသားကယ်ဆယ်ရေး ကျွမ်းကျင်သူတွေ မြန်မာပြည်ထဲကို လုံလုံလောက်လောက် ရောက်ဖို့ က အရေးအကြီးဆုံး မဟုတ်လား။ ဒါကြောင့် ဒို့  မြန်မာပြည်သူတွေက ကျယ်ကျယ်လောင်လောင်တောင်း ဆိုသံတွေ ထုတ်ပေးကြရမယ်။ “ နိုင်ငံခြားသား ကယ်ဆယ်ရေးသမားတွေ မြန်မာပြည်ထဲ ဝင်ရေး ဒို့  အရေး ” ပေါ့ကွာ။ သူတို့  အသံတွေကို ကမ္ဘာက သိအောင် တင်ပြပေးနိုင်တာကလည်း ပြည်ပက အသံလွှင့်ဌာနတွေပေါ့။ သူတို့ ကလည်း ဝိုင်းပြီး ဒီအသံကို လွှင့်ထုတ်မြှင့်တင်ပေးနေရမယ်။ ဒါ အရေးကြီး တယ်။ ပြည်တွင်းက နိုင်ငံရေး အတိုက်အခံပါတီတွေ၊ အင်အားစုတွေကလည်း နိုင်ငံခြားသားတွေ အမြန်ဆုံးဝင်ရောက်ကူညီနိုင်ရေးကို ကြေငြာချက်တွေထုတ်ပြီး တခဲနက်တောင်းဆိုကြရမယ်။ ဒါထက်ပိုပြီး ထိရောက်အောင် ဆောင်ရွက်နိုင်တာက ပြည်ပမှာ လှုပ်ရှားနေကြတဲ့ အတိုက်အခံ အဖွဲ့ အမျိုးမျိုးရဲ့ ခေါင်းဆောင်တွေက ကုလသမဂ္ဂ အဖွဲ့  တင်မက တကယ်ထိရောက်အောင် ကူညီ နိုင်မယ့် အမေရိကန်၊ အင်္ဂလိပ် စတဲ့ နိုင်ငံကြီးတွေကို ဖြစ်တဲ့နည်းနဲ့  မြန်မာပြည်ထဲကို ဝင်ရောက်ပြီး ဒုက္ခသည်တွေကို ကူညီကြပါတော့ဆိုတာ ကြေငြာချက်တွေ တမျိုး၊ လူကိုယ်တိုင်တဖုံ လူစုလူဝေးနဲ့  နည်းအမျိုးမျိုးချဉ်းကပ်ပြီး တောင်းဆိုကြရမယ်။ တောင်းဆိုချက်အသံတွေကိုလည်း ကမ္ဘာ့ပြည်သူတွေ အားလုံးကြားအောင် ကျယ်ကျယ်လောင်လောင် တောင်းဆိုကြရမယ်။ ဒါ..ဒီအချိန်မှာ နိုင်ငံရေးသမား တွေ အဓိက လုပ်ရမယ့် အချက်ပဲ ဒိုးလေးရ။ ဒီလိုလုပ်ကြရင် လူလူချင်း ကူညီချင်စိတ် အပြည့်အဝ ရှိနေတဲ့ ယဉ်ကျေးတဲ့ လူအဖွဲ့ အစည်းနိုင်ငံကြီးတွေက ဘယ်သူကပဲတားတား ဝင်ရောက်ကူညီကြရ တော့မှာ ပေါ့ကွာ။ ဒါ သေချာပါတယ်။
ဒိုး…………. ဘိုးလေး ပြောသလို ပြည်တွင်းပြည်ပက အတိုက်အခံဆိုသူတွေနဲ့  အတိုက်အခံ အဖွဲ့ အစည်းတွေရဲ့ အသံတွေကလည်း ကျယ်ကျယ်လောင်လောင် ထွက်လာသံ မကြားပါလား ဘိုးလေးရ။
ဘိုး………… အေးကွ။ တယောက်စ နှစ်ယောက်စလောက်ပဲ နိုင်ငံခြားသားဝင်ရေးဘက်က ပြောသံကြားတယ်။
ဒိုး…………. ပြည်သူ့ ဘက်တော်သား နိုင်ငံရေးသမားတွေ ဆို ဘယ်လိုဖြစ်နေကြတာလည်း ဘိုးလေးရ။
ဘိုး……….. အရေးကြုံတော့ အေးပုံတို့  လူသိုက် သန်းဥ နှိုက်နေကြပြီဆိုတာမျိုးပေါ့ကွာ။ ငါစိတ်မကောင်းတာက ပြည်သူ့ မျက်နှာကို မကြည့်တဲ့ န.အ.ဖ နဲ့ အခြေခံ ခံယူချက်က တထပ်တည်းကျနေတာ ဒီနေရာမှာ ပေါ်လွင်နေတယ်ဆိုတာ……….. ဟေ့.. ဒိုးလေး ရှင်းပလား ကွ။
ဒိုး…………. ဘယ်လိုလဲ ဘိုးလေး ရာ၊ ဘာတွေ ဖြစ်နေတာလဲ။
ဘိုး………… အေး.. မင်း မရှင်းသေးရင် ငါရှင်းရှင်းပဲ ပြောလိုက်မယ်။ ဟို အရင်တုန်းကထဲက အမေရိကန် မဝင်ရေး အုပ်စုတွေက မြန်မာ့အတိုက်အခံ နိုင်ငံရေးစင်မြင့်ကို စီးမိနေကြတာကွ။ သိပလား.. ခုလို အရေးကြုံတော့ ဘွားဘွားပေါ်လာပြီဟေ့၊ ကိုင်းနားကြအုံးစို့  ဒိုးလေး ရေ။ ကြည်တင်အောင်
|
|||||||||||||||||||||||||||||||||
|
Home | Current News | Letter | Humour | Poem | Onepage novel | Thought | Impression | Contact Us | Top |
||||||||||||||||||||||||||||||||||
|
Suggestions & Comments: linyaungchi |
||||||||||||||||||||||||||||||||||